ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
စစ်တပ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် CDM ပြုလုပ်နိုင်ခြင်းမရှိသည့် တပ်မတော်သားများအနေဖြင့် ဖရဲသီးများအဖြစ် စာရင်းပေးသွင်းထားနိုင်ပြီး PreCDM ပြုလုပ်ကြရန်လည်း ပြည်သူ့ရင်ခွင်အဖွဲ့အစည်းက ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားသည်။
CDMပြုလုပ်နိုင်ခြင်းမရှိသေးသည့်အတွက် PreCDM(ဖရဲသီး) များအဖြစ်စာရင်းသွင်းထားသူများကိုလည်း ကိုယ်ပိုင်အမှတ်များပေးအပ်ထားမည်ဖြစ်ပြီး စီဒီအမ်အကျိုးခံစားခွင့်များကိုလည်း အတိုင်းအတာတစ်ခုအထိပေးအပ်ထားမည်ဟုသိရသည်။
“PreCDM ဆိုတာ အရှင်းဆုံးပြောရရင် ဖရဲသီးပါ။သူတို့ကို ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်ရဲ့အကျိုးခံစားခွင့်တွေလဲ ထပ်တူပေးထားပါတယ်” ဟု ပြည်သူ့ရင်ခွင် အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

PreCDMပြုလုပ်ကာ ရာထူးအသီးသီးမှ ဖရဲသီးအဖြစ်သတင်းပေးလာသည့် တပ်တွင်းသတင်းပေးပို့မှုများကြောင့် တော်လှန်ရေးတွင်များစွာအထောက်အကူများဖြစ်စေခဲ့ကြောင်းလည်း သိရသည်။
“လက်ရှိ လူမှုကွန်ရက်မှာ ထွက်ပေါ်နေတဲ့ စစ်ကော်မရှင်ရဲ့လဝ သတင်းကိစ္စတွေဆိုတာလိုအပ်လို့ တော်လှန်ရေးအသိုင်းဝိုင်းက ဖြန့်ပေးလိုက်တဲ့အနေအထားပါ။ အများသိလို့မရတဲ့ လဝကိစ္စတွေ၊ ကိုင်တွယ်အသုံးချလက်ဦးမှုရယူနိုင်တာတွေဘယ်လောက်ရှိခဲ့လဲ ရှိထားလဲဆိုတာ တွေးလိုက်ရင် PreCDMက ဘယ်လောက်ထိရောက်လဲဆိုတာ ခန့်မှန်းရနိုင်ပါပြီ” ဟု အဆိုပြည်သူ့ရင်အဖွဲ့အစည်းတာဝန်ရှိသူက ဆက်လက်ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် အမာခံသတင်းပေးပို့သူများဖိတ်ခေါ်ခြင်းဆိုင်ရာ ကြေငြာချက်အမှတ် (၉/၂၀၂၂)တွင် ဖရဲသီးများ၏လုံခြုံရေးကိုကာကွယ်ရန်၊ ပေးပို့သည့်သတင်းအလိုက် ဆုကြေးငွေချီးမြှင့်ရန်စသည့် PreCDM ပြုလုပ်သူများရရှိမည့် အခွင့်အရေးများကိုလည်း ပြဌာန်းထားသည်။
ထို့ပြင် PreCDMပြုလုပ်ထားသူဖရဲသီးများမှ အသက်အန္တရာယ်ရှိသည့် စစ်မြေပြင်သို့သွားရောက်ရသည့်အခါတွင်ဖြစ်စေ၊ သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသည့်အခါတွင်ဖြစ်စေ ကူညီကယ်ထုတ်မှုများပြုလုပ်ပေးလျက်ရှိကြောင်းလည်း ပြည်သူ့ရင်ခွင်အဖွဲ့ထံက သိရသည်။
ဓာတ်ပုံ – အင်တာနက်