ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

 

တရုတ်နှင့်ဂျပန် စစ်ရေးတင်းမာမှုများကြောင့် ဂျပန်သို့ခရီးသွားလာခြင်းကို ရှောင်ရှားရန် တရုတ်အစိုးရက နိုင်ငံသားများကို သတိပေးပြီးနောက် တရုတ်-ဂျပန်ခရီးစဉ် လေယာဉ်လက်မှတ် ၄၉၁,၀၀၀ ကျော်ပယ်ဖျက်မှုများရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါဖျက်သိမ်းမှုများမှာ တရုတ်-ဂျပန်ခရီးစဉ်စုစုပေါင်း၏ ၃၂ ရာခိုင်နှုန်းခန့်ရှိကာ လေကြောင်းခရီးစဉ်အသစ် ဘွတ်ကင်(Booking)လုပ်ခြင်းထက် ၂၇ ဆနီးပါး ပိုမိုများပြားနေကြောင်းလည်း သိရသည်။

တရုတ်အစိုးရသည် ၎င်းတို့၏နိုင်ငံသားများ ဂျပန်သို့ခရီးသွားလာခြင်း သတိပေးချက်ထုတ်ပြန်ပြီးနောက် ခရီးစဉ်ဖျက် သိမ်းမှုများကြောင့် ရှန်ဟိုင်း-တိုကျို၊ ရှန်ဟိုင်း-အိုဆာကာ ခရီးစဉ်များအများဆုံးထိခိုက်ခဲ့ရပြီး လေကြောင်းလိုင်းများမှလည်း ပြန်အမ်းငွေများပြန်လည်ပေးခဲ့ကြောင်း သိရသည်။

 

လေကြောင်းခရီးစဉ်ဖျက်သိမ်းမှုများကြောင့် တရုတ်လေကြောင်းကုမ္ပဏီများက ဂျပန်ကုမ္ပဏီများထက်ပိုမို ထိခိုက်ဆုံးရှုံးမှုများနိုင်ကြောင်း လေကြောင်းလေ့လာသုံးသပ်သူများက ထောက်ပြပြောဆိုထားကြသည်။

 

ခရီးစဉ်ဖျက်သိမ်းမှုကြောင့် ဂျပန်နိုင်ငံအနေဖြင့်လည်း ခရီးသွားလုပ်ငန်းထိခိုက်မှုများရှိနေပြီး ယခု ၂၀၂၅ ခုနှစ်အတွင်း ဂျပန်သို့လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားများတွင် တရုတ်နိုင်ငံမှ လူဦးရေ ၇.၄၉ သန်းဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။

 

ထိုင်ဝမ်-တရုတ်ရေလက်ကြား ပဋိပက္ခဖြစ်ပွားပါက ဂျပန်နိုင်ငံက စစ်ရေးအရတုံ့ပြန်မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ဆာနေးတာကိုင်ချိကို၏ မှတ်ချက်ကြောင့် တင်းမာမှုများမြင့်တက်ခဲ့ခြင်းဖြစ်ကာ တရုတ်အစိုးရဘက်ကလည်း ထိုင်ဝမ်အရေးဂျပန်ဝင်ရောက်စွက်ဖက်ပါက ဂျပန်တစ်နိုင်ငံလုံးကို ချေမှုန်းမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုများပြုလုပ်ခဲ့သည်။

 

ကိုးကား – Bangkok Post