နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်
မြန်မာ-ထိုင်းနယ်စပ်ရှိ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအပါအဝင် မြဝတီဒေသမှ ကျားဖြန့် (ခေါ်) အွန်လိုင်း ငွေလိမ်ဂိုဏ်းကိစ္စနှင့် ပတ်သက်၍ စစ်ကော်မရှင်သည် ၎င်းတို့ကိုယ်တိုင်မှလွဲ၍ ထိုင်းနိုင်ငံ၊ ကရင် အမျိုးသားအစည်းအရုံး (KNU) အပြင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ကရင့် နယ်ခြားစောင့်တပ် (BGF) တို့ကိုပါ အပြစ်လွှဲချ၍ ၎င်းတို့အနေဖြင့် အမြစ်ပြတ်ပပျောက်ရေး ဆောင်ရွက် နေကြောင်း စစ်ကော်မရှင်က ဆိုသည်။
မြဝတီဒေသတွင် KK Park ၊ ရွှေကုက္ကိုလ်နှင့် ကျောက်ခတ်ဟူ၍ ကျားဖြန့်ဂိုဏ်း သုံးခုရှိပြီး အာဏာသိမ်း ပြီးနောက် ထိုသူများနှင့် တရုတ်ရာဇဝတ်ဂိုဏ်းတို့ ပူးပေါင်းလုပ်နေကြောင်း စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ နိုဝင်ဘာ ၁၉ ရက်ထုတ် ၎င်းတို့၏ဝါဒဖြန့် သတင်းစာမှတစ်ဆင့် ပြောဆို လာခြင်းဖြစ်သည်။
“အဲဒီနယ်မြေမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတော့ KNU ၊ KNLA အဖွဲ့၊ ပြီးရင် NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တချို့သော EAO အဖွဲ့တွေ၊ ပြီးရင် နယ်ခြားစောင့်တပ်ဖွဲ့ အမည်ခံ တပ်ဖွဲ့တွေ ဝင်ရောက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်” ဟု ၎င်းက စွပ်စွဲပြောဆိုသည်။
အဆိုပါသုံးနေရာအနက် KK Park ၌ မုလအိအလင်းကုမ္ပဏီနှင့် Tran-Asia International Holding Group (Thailand) ကုမ္ပဏီ၊ ရွှေကုက္ကိုလ်တွင် Myanmar Yatai International Holding Group ကုမ္ပဏီ၊ ကျောက်ခတ်၌ Chongkhaed Garden Resort ကုမ္ပဏီတို့ ပါဝင်ပတ်သက်နေကြောင်း သိရသည်။
ထို့အပြင် ယင်းနေရာသို့ ရောက်ရှိလာပြီး ကျားဖြန့်လုပ်ငန်း လုပ်ဆောင်နေသော နိုင်ငံခြားသား ၉၉ ဒသမ ၅ ရာခိုင်နှုန်းသည် တစ်ဖက်(ထိုင်း) နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံထဲသို့ ကူးပြောင်းဝင်လာခြင်းဖြစ်သလို KNU၊ DKBA ၊ BGF တို့နှင့် ချဉ်းကပ်၍ ကိုယ်ကျိုးစီးပွားများ ဆက်စပ်လုပ်ကိုင်နေကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ဖော်ပြသည်။
“ကျွန်တော်တို့ လွှမ်းမိုးနိုင်တဲ့ နေရာတစ်ဝိုက်မှာ Online လောင်းကစားမှုတိုက်ဖျက်ရေးတွေ စတင် ဆောင်ရွက်ခဲ့တယ်။ တဖြည်းဖြည်း နယ်မြေငြိမ်းချမ်းလာတာနဲ့အမျှ နယ်မြေစိုးမိုး ရှင်းလင်းရေး တွေလုပ်ပြီး အမြစ်ပြတ်ပပျောက်ရေးအတွက် ဆောင်ရွက်နေတယ်” ဟု စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။
ယင်းအပြင် ကျားဖြန့်လုပ်ငန်း လုပ်ဆောင်နေသည့် KK Park ၊ ရွှေကုက္ကိုလ်နှင့် ကျောက်ခတ်ဒေသတို့တွင် အခြေခံလူနေထိုင်မှုများအတွက် ရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး စသည်တို့အား တစ်ဖက် (ထိုင်း)နိုင်ငံမှ ရရှိနေသလို ထိုင်းကုန်သည်များကလည်း ကူညီရောင်းချနေကြောင်း စစ်ကော်မရှင်က ထုတ်ပြန် ထားသည်။
အလားတူ ကျားဖြန့်ဂိုဏ်းနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံက ဖွဲ့စည်းထားသော Strike Force Burma အဖွဲ့သည် မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာ နှစ်ခုကို စစ်ဆင်ရေး ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန် ထားသော်လည်း မြေပြင်တွင်မူ မည်သည့်စစ်ဆင်းရေးမျှ မတွေ့ရှိရကြောင်း စစ်ကော်မရှင် ပြောခွင့်ရက တုံ့ပြန်ပြောသည်။
ယင်းအပြင် မြန်မာနိုင်ငံရှိ KK Park ကဲ့သို့သော လိမ်လည်မှုနေရာများကို တိုက်ဖျက်ရန်အတွက် Royal Thai Police War Room Task Force နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဗန်ကောက်ကို FBI agent များ စေလွှတ်ခဲ့သည်ဟု သိရှိရကာ Hidden Agenda နက်နဲသော လျှို့ဝှက်ရည်ရွယ်ချက် တစ်ခုရှိနေနိုင်ဟု ၎င်းက ဆိုသည်။
ဓာတ်ပုံ -MOI