ဧရာဝတီတိုင်းမ်
(မောတောင်)၊ နိုဝင်ဘာ ၁၉ ရက်

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ မောတောင်မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ ကျော်မှာ ထိုင်းနိုင်ငံနှင့် မြန်မာဘက်ခြမ်းရှိ နီးစပ်ရာတောတောင်၊ ဥယျာဉ်ခြံများတွင် စစ်ဘေး ရှောင်တိမ်းနေရကြောင်း သိရသည်။

 

ဆောင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည့်အပြင် တောင်တရုတ်ပင်လယ်ရှိ မုန်တိုင်းအရှိန်ဖြင့် မိုးရွာ သွန်းမှုများလည်းရှိနေ ၍ မောတောင်စစ်ရှောင်ဘေးရှောင်များအတွက် အမိုးအကာ၊ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ရေသန့် စသည်တို့ကို အရေးပေါ်လိုအပ်လျက်ရှိကြောင်းလည်း တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရသည်။

“စစ်ရှောင်တွေကတော့ ပြန့်ကျဲနေတယ်။ ထိုင်းဂိတ်အနားမှာ ရောက်နေတဲ့စစ်ရှောင်တွေကတော့ အခက်အခဲသိပ်မရှိဘူးလို့တော့သိရပါတယ်။ ထိုင်းဂိတ်ဖက်သို့မရောက်လာနိုင်တဲ့ စစ်ရှောင်တွေ တောထဲ မှာထောင်ချီရှိနေတယ်လို့ ပြောပါတယ်” ဟု စစ်ဘေးရှောင်များကို သွားရောက်အကူအညီ ပေးသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်တွင် မောတောင်မြို့ကို သိမ်းပိုက် ရရှိခဲ့သော်လည်း စစ်ကော်မရှင်၏ ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ ကြောင့် ဒေသခံများမှာ လက်ရှိအချိန်အထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

 

ထိုင်းနိုင်ငံဘက်ခြမ်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို ထိုင်းအစိုးရအပါအဝင် ထိုင်းရောက် မြန်မာနိုင်ငံသားများမှ အကူအညီပေးမှုများရှိနေသော်လည်း မြန်မာနိုင်ငံဘက်ခြမ်းရှိ တော၊ တောင်များအတွင်းမှ စစ်ဘေးရှောင်များမှာမူ အကူအညီရရှိရန် အခက်အခဲများဖြစ်နေကြောင်းလည်း သိရသည်။

“စစ်ရှောင်တွေထဲမှာ စစ်ရှောင်ရင်း ခလေးမွေးထားရသူတွေလဲရှိတယ်လို့ပြောပါတယ်။ လူဦးရေက များပြီး တောထဲမှာဆိုတော့ ကျန်းမာရေးကိစ္စအဆင်ပြေသလိုဖြေရှင်းနေရတော့ ဝမ်းရောဂါတွေ ဖြစ်နေကြတာလဲရှိတယ်လို့ သိရပါတယ်။ ကလေး၊ လူကြီး အပါဝင် လူဦးရေ ၄၀၀ကျော် ၅၀၀ဝန်းကျင် လောက်ရှိတယ်” ဟု အဆိုပါ စစ်ဘေးရှောင်များကို သွား ရောက်အကူအညီပေးသူက ဆက်လက် ပြောသည်။

 

လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များက မောတောင်မြို့ကို သိမ်းပိုက်ထားသော်လည်း စစ်ကော်မရှင် သည် အဆက် မပြတ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေ၍ ထိတွေ့မှုအချို့ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်ဖွဲ့မှ အလင်းဝင်သူ၊ ထွက်ပြေးသူအများအပြားလည်း ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်