နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် မကြာသေးမီက သွားရောက် မဲဆွယ်စည်းရုံးခဲ့သော ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲအား ခွင့်ပြုမည်မဟုတ်ဘဲ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ယင်းမြို့နယ် အလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်သည်။

KNU ဒူးသထူခရိုင်-ဘားအံမြို့နယ် အလုပ်အမှုဆောင် ကော်မတီသည် အဆိုပါ အတုအယာင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနေဖြင့် KNU ဗဟို၏ သဘောထားအတိုင်း ရပ်တည်ကာ ထိန်းချုပ်နယ်မြေအတွင်း ခွင့်မပြုကြောင်း ဖော်ပြထားသည်။

စစ်ကော်မရှင်သည် ပြည်သူ့အပေါ် မတရားဖမ်းဆီးခြင်း၊ အကျဉ်းချ သတ်ဖြတ်ခြင်းဖြင့် ဘာသာရေး အဆောက်အဦးများနှင့် လူနေအိမ်များအား ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသလို ရွေးကောက်ပွဲ ပြုလုပ်ရန်လည်း ပြင်ဆင်လျက်ရှိသည်။

အဆိုပါ အတုအယောင် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများသည် စစ်မှုထမ်း ဥပဒေနှင့် စစ်ဘေးကြောင့် နေရပ်များ၌ အေးအေးချမ်းချမ်း နေထိုင်နိုင်ခြင်းမရှိသလို ကျန်ရှိနေသူများလည်း ခြိမ်းခြောက်ဖိအားပေးခြင်းနှင့် အတင်းအဓမ္မ မဲပေးစေခိုင်းခံရခြင်းတို့ကို ရင်ဆိုင်နေရကြောင်း KNU ထံမှ သိရသည်။

ယင်းအပြင် စစ်ကော်မရှင်သည် ပြည်သူလူထု နားလည်ရန် ခက်ခဲသည့် ရှုပ်ထွေးသော ရွေးကောက်ပွဲစနစ်နှင့် လိုအပ်သလို အဖြေထုတ်နိုင်သည့် အီလက်ထရောနစ် မဲပေးခြင်း လုပ်ငန်းစဉ်မှာ တိကျမှန်ကန်မည့် ရလဒ်မဟုတ်ဘဲ ပြည်သူလူထု ဆန္ဒသဘောထားကိုလည်း အလွဲသုံးစားပြုလုပ် လျက်ရှိသည်။

အလားတူ ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင် သက်ဆိုးရှည်မည့် အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်းမပြုဘဲ အကြမ်းမဖက်သောနည်းနှင့် ဆန့်ကျင်ခြင်းဖြင့် မိမိတို့၏ ဆန္ဒမဲအား အလွဲသုံးစား ပြုခွင့်မပေးကြရန် KNU ဘားအံမြို့နယ် အလုပ်အမှုဆောင်ကော်မတီက တိုက်တွန်း ထုတ်ပြန်သည်။

ဘားအံမြို့နယ်သည် စစ်ကော်မရှင် ပြုလုပ်မည့် လာမည့်ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲ အပိုင်း(၁)တွင် ကရင်ပြည်နယ် သုံးမြို့နယ်အနက် တစ်မြို့အဖြစ် ပါဝင်နေပြီး ယခုရက်ပိုင်းအတွင်း စစ်ခေါင်းဆောင် လာရောက်ခဲ့ပြီး ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများကိုလည်း မဲဆွယ်စည်းရုံးခဲ့သည်။

ဓာတ်ပုံ-KNU