တရုတ်နိုင်ငံသား ၃၄၆ ဦး ဖမ်းမိကာ ကွန်ပျူတာနှင့် လက်ကိုင်ဖုန်း ၂၀၀ ကျော် သိမ်းဆည်းရမိ
ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်
မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ် (Shwe Kokko) မြို့သစ်စီမံကိန်းအတွင်း ကျားဖြန့် (အွန်လိုင်းလိမ်လည်မှု)ကို နှိမ်နင်းသည့် စစ်ဆင်ရေးကို ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စတင် လိုက်ပြီဖြစ်ကြောင်း စစ်ကော်မရှင် လက်အောက်ရှိ ကရင့်နယ်ခြားစောင့်တပ် (BGF) ၏ ပြောခွင့်ရသူ ဗိုလ်မှူး နိုင်မောင်ဇော် က The Reporters သတင်းဌာနကို ထုတ်ဖော်ပြောကြားခဲ့သည်။

စစ်ကော်မရှင်တပ်၊ ရဲတပ်ဖွဲ့ဝင်များ နှင့် BGF ပူးပေါင်းကာ ရွှေကုက္ကိုမြို့ရှိ အဆောက်အအုံများစွာကို ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ကြောင်း ဗိုလ်မှူး နိုင်မောင်ဇော်က ပြောကြားသည်။
စစ်ဆင်ရေးအတွင်း ကျားဖြန့်ဂိုဏ်းများ၏ ရုံးခန်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး အဓိက သက်သေခံ ပစ္စည်းများဖြစ်သည့် ကွန်ပျူတာနှင့် လက်ကိုင်ဖုန်း ၂၀၀ ကျော် ကို သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရမိသူများမှာလည်း တရုတ်နိုင်ငံသားများ အများစု ဖြစ်ပြီး နိုင်ငံခြားသား ၃၄၆ ဦး ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး ၎င်းတို့၏ နိုင်ငံများသို့ ပြန်လည် ပို့ဆောင်နိုင်ရန် စီစဉ်နေကြောင်းလည်း ဗိုလ်မှူး နိုင်မောင်ဇော်က ထပ်မံပြောကြားခဲ့သည်။
ရွှေကုက္ကိုသည် ကရင်ပြည်နယ်၊ မြဝတီမြို့ မြောက်ဘက်တွင်ရှိပြီး ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၏ ချစ်လင်းမြိုင် ကုမ္မဏီ နှင့် ရထိုက်နိုင်ငံတကာကုမ္ပဏီတို့ပူးပေါင်း၍ ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ထားသည့် နိုင်ငံတကာအဆင့်မီ ဒုစရိုက်မြို့သစ်ကြီးဖြစ်သည်။
ကိုးကား-The Reporters