ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ရက်
ပိတ်ဆို့တိုက်ခိုက်ခံနေရသည့် နတ်ရေကန်သို့ စစ်ကူပို့သည့်စစ်ကြောင်းများ စခန်းကို မရောက်ဘဲ စစ်ကြောင်းလိုက်ပြုတ်နေချိန်တွင် စစ်ကော်မရှင်က စစ်ကူများ ထပ်မံပို့ရန် ပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ရက်နေ့က မင်းဘူး ခလရ ၈၈မှ အင်အား ၁၅၀ပါ စစ်ယာဉ်တန်း ငါးစီးသည် ဆုံကုန်းရှိ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ-၉၀၅ အတွင်း စုဝေးဝင်ရောက်သွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

”နတ်ရေကန်စခန်းမှာ တပ်မမှူး နှစ်ယောက်အပါ အင်အား ၃၀၀ လောက်ပိတ်မိနေတယ်။ ဒဏ်ရာ ရသူတွေလည်း အခြေအနေဆိုးနေတယ်လို့ပြန်သိရတယ်။ စစ်ကူစစ်ကြောင်းက ဂုတ်ကြီးကို မကျော်နိုင် ဘူး အကုန်အတိုက်ခံနေရတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဂုတ်ကြီးကျေးရွာအနီးရှိ ခမောက်တောင်စခန်းကိုလည်း အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်း တပ်များက ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်သဖြင့် အမြောက်ဌာနချုပ်မှနေ၍ ပစ်ကူများ ဆက်တိုက်ပေးနေ ရကြောင်း သိရသည်။

ထို့အပြင် နတ်ရေကန်စခန်းအတွင်းပိတ်မိနေသည့် တပ်မမှူးနှစ်ယောက်ပါအဖွဲ့ကို စစ်ကော်မရှင်က လေကြောင်းမှ လက်နက်၊ ရိက္ခာများချပေးရာ ထွက်ကောက်သည့် အဖွဲ့ကို AAက လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်အများအပြား သေဆုံးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကော်မရှင်သည် နတ်ရေကန်စခန်းကို စစ်ကူပေးရန် လမ်းသစ်နှင့် လမ်းဟောင်းနှစ်ခုလုံးမှ စစ်ကြောင်းထိုးချီတက်ခိုင်းသော်လည်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကြောင်းလိုက်ပြုတ်သည်အထိ သေဆုံးမှုများကြောင်း သိရသည်။
ဇင်ပြွန်း၊ စပ်စီနှင့် စာတက်တူကျေးရွာများဘက်တွင်လည်း စစ်ကော်မရှင် စစ်ကြောင်းများလှုပ်ရှားမှု ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-နတ်ရေကန်တောင် ကမ္ဘာလုံစခန်းကို တွေ့ရစဉ်။