ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်

 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားခဲရသည့်ပြည်တွင်းစစ် ပဋိပက္ခများကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၃.၆ သန်းကျော်ရှိလာပြီဖြစ်ကြောင်း ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်နေ့တွင် UNOCHA Myanmar ကအစီရင်ခံစာထုတ်ပြန်ခဲ့သည်။

 

စစ်အာဏာသိမ်းချိန်မှစတင်သည့် ပဋိပက္ခဖြစ်စဉ်များကြောင့် ယခု ၂၀၂၅ခုနှစ်၊ နိုဝင်ဘာအထိ လူပေါင်း ၃.၆ သန်းကျော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၎င်းတို့အနက် ၁.၇ သန်းကျော်မှာ ရခိုင်ပြည်နယ် နှင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် နေထိုင်သူများဖြစ်ကြောင်းလည်း သိရသည်။

 

ထို့ပြင် ၂၀၂၅ နှစ်ဝက်ကာလတွင် မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပဋိပက္ခများ ဖြစ်ပွားမှုတွင် ဒုတိယနေရာတွင်ရှိနေခဲ့ပြီး ပြည်သူများအတွက် အန္တရာယ်အရှိဆုံးနိုင်ငံစာရင်းတွင် စတုတ္ထနေရာတွင်ရှိနေသည်။ နိုင်ငံလူဦးရေတစ်ဝက်ကျော်မှာလည်း ဆင်းရဲဒုက္ခများနှင့် ရင်ဆိုင် နေရသည်ဟု UNOCHA ၏ အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံသည် ပိုမိုဆိုးရွားလာသည့် ပဋိက္ခများ၊ တိုက်ပွဲများအပြင် ရေကြီးခြင်း၊ ငလျင်လှုပ်ခတ် ခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များကြောင့် စားနပ်ရိက္ခာမလုံလောက်မှုပြသနာကို အဆိုးဆုံး ရင်ဆိုင်နေရပြီး ငတ်မွတ်ခေါင်းပါးမှုအပြင်းထန်ဆုံး အန္တရာယ်ရင်ဆိုင်နေရသည့် နိုင်ငံ ၁၆ နိုင်ငံအတွင်း ပါဝင်လျက်ရှိကြောင်းလည်း သိရသည်။

 

UNOCHA Myanmar ၏အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာမလုံလောက်မှုမှာ ဆက်လက် မြင့်မားလာနိုင်ပြီး ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်းတော ဒေသများမှာ ယခုထက်ပိုမို၍ ရိက္ခာပြတ်လပ်မှုများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်းလည်း သိရသည်။

 

၂၀၂၅ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာ နှစ်လတာအတွင်း နိုင်ငံ့လူဦးရေ၏ ၂၂ ရာခိုင်နှုန်းဖြစ်သည့် မြန်မာနိုင်ငံသား ၁၁.၈ သန်းမှာ အမြင့်မားဆုံးအခြေအနေအထိ စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်ခဲ့ရကြောင်းလည်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – အင်တာနက်