ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်
ဧရာဝတီတိုင်းအတွင်းရှိ AAပူးပေါင်းတပ်များနှင့် တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်များ ထိခိုက်သေဆုံးမှုများကာ ဆေးကုသမှု မလုံလောက်သည့်အတွက် ရန်ကုန်သို့ပို့ဆောင်နေရကြောင်း သိရသည်။
သာပေါင်း၊ ရေကြည်၊ လေးမျက်နှာတို့တွင် စစ်ကော်မရှင်နှင့် AAတော်လှန်ရေးပူးပေါင်းတပ်တို့ နေ့စဉ်တိုက်ပွဲများပြင်းထန်နေပြီး ဒဏ်ရာရ စစ်ကော်မရှင်တပ်များကို ပုသိမ် မဆရ ၄ တွင် ဆေးကုသရန် အလုံးအရင်းနှင့် ပြန်လည်ခေါ်ဆောင်လာရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
”လေးမျက်နှာဘက်မှာ နေ့စဉ်တိုက်ပွဲရှိနေတယ်ကြားပါတယ်။ စစ်ကားတွေက အင်အားပြည့်တက်သွားလိုက် လူနာတွေပြန်ခေါ်ဆင်းလာလိုက်နဲ့ လေးမျက်နှာကို အကူးအသန်းရှိတယ်” ဟု လေးမျက်နှာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က လေးများနှာမြို့နယ် တိုက်ပွဲများအတွင်းမှ စစ်သုံးအမိုးအုပ်ကားကြီး ၁၄ စီးခန့် ပြန်ဆင်းလာပြီး စစ်ကော်မရှင်တပ်ဖွဲ့မှ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူများကို ပြန်လည်သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
ဒဏ်ရာပြင်းထန်သည့် စစ်ကော်မရှင်တပ်ဖွဲ့များကို ရှေ့တန်းအခြေစိုက်ဆေးတပ်ရင်းများဖွဲ့ပြီး ကုသရသည်အထိ အခြေအနေဆိုးနေကာ ကုသမှုမနိုင်တော့သည့်သူများကို ပုသိမ် စစ်မြေပြင်ဆေးတပ်ရင်း မဆရ ၄ ကို ခေါ်ဆောင်လာကာ ကုသနေကြောင်း သိရသည်။
ရှေ့တန်းတွင် ဆေးတပ်အထိုင်ထားကာ ကုသနေသော်လည်း ဆေးဝါး၊ သွေးနှင့် ဆေးဝါးကျွမ်းကျင်သူများမရှိသဖြင့် ပုသိမ်သို့ ခေါ်ဆောင်ကာ ထိုမှတဆင့် ရန်ကုန်သို့ပို့ရခြင်းဖြစ်သည်။
အရာရှိ တပ်ဖွဲ့ဝင်အများစုကိုလည်း ရန်ကုန်မင်္ဂလာဒုံစစ်ဆေးရုံအထိ ပို့ဆောင်ပေးနေရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကူအင်အား လိုအပ်ချက်ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် သင်တန်းတက်နေသည့် သင်တန်းသားသစ်များကို ရက် ၃၀၊ ၄၅ရက် စသည်ဖြင့် ရက်တိုသင်တန်းပေးကာ ရှေ့တန်းသို့ပို့ဆောင်နေကြောင်း သိရသည်။
စခတ ၆၊ တိုက်စည်း ၇၊ တတက ၅တို့တွင် စစ်သင်တန်းပေးနေသည့်အထဲမှ သင်တန်းသားသစ်များကို စစ်မြေပြင်သို့ အဓိကပို့နေပြီး အခြားတိုင်းဒေသကြီးများ၏ အခြေစိုက်တပ်ရင်းများမှ ထုတ်နှုတ်တပ်များကိုပါ ခေါ်ယူအင်အားဖြည့်နေရကြောင်း ပုသိမ်သတင်းအထူးတပ်ဖွဲ့ထံမှ သိရသည်။
ပုံစာ- AA ထံ အလံဖြူထောင် လက်နက်ချအညံ့ခံခဲ့ကြသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ (ပုံဟောင်း)