ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ရက်
ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာလေးရွာနှင့် စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်း၊ အသေခံ ဒရုန်းတို့ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ယမန်နေ့ နိုဝင်ဘာ ၁၇ ရက် နေ့လယ် ၁၂နာရီ ၃၀မိနစ်မှစ၍ ည ၈နာရီကျော်အထိ ကျောက်ဖြူမြို့နယ်ရှိ ကျောက်ကလေကျေးရွာ၊ လိပ်တင်ကျေးရွာ၊ မင်းရပ်ရွာ၊ သံချောင်းရွာတို့ကို ပေါင် ၅၀၀ဗုံးများဖြင့်ပါ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။
စစ်ကော်မရှင်တပ်သည် နိုဝင်ဘာ ၁၇ရက် နေ့လယ် ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာကို ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် လာရောက် ကြဲချတိုက်ခိုက်ခဲ့သည်။ ထို့အတူ ကျောက်ဖြူမြို့နယ်၊ မင်းရပ်တိုက်နယ်၊ လိပ်တင်ကျေးရွာအတွင်းသို့လည်း နေ့လယ် ၁၂ နာရီ ၃၀ မိနစ်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လိပ်တင်ကျေးရွာ၊ စာသင်ကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ထို့နောက် နေ့လယ် ၁၂ နာရီ ၃၉ မိနစ်တွင် အဆိုပါစာသင်ကျောင်းအား ဆူဆိုက်ဒရုန်း တစ်စင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း၌ စာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများမှာ အချိန်မီ ရွှေ့ ပြောင်းနိုင်ခဲ့၍ အသက်သေဆုံး၊ ဒဏ်ရာရမှု မရှိခဲ့သော်လည်း ၎င်းစာသင်ကျောင်းအနီးရှိ ဝက် နှစ်ကောင် သေဆုံးခဲ့ကာ စာသင်ကျောင်းအဆောက်အအုံမှာ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ယမန်နေ့ည ၈ နာရီ ၁၇ မိနစ်တွင် မင်းရပ်တိုက်နယ်ရှိ မင်းရပ်ရွာ နှင့် သံချောင်းရွာ အနီးပတ်ဝန်းကျင်နေရာများသို့ လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့အပြင် ဇင်ချောင်းကမ်းခြေမျက်နှာစာ၌ နေရာယူထားသော စစ်သင်္ဘောနှစ်စင်းပေါ်မှ ည ၈ နာရီ ၂၅ မိနစ်တွင် အထက်ဖော်ပြပါကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်၊ သေဆုံးဒဏ်ရာရမှုများမှာ လောလောဆယ်မသိရသေးေကြာင်း AA က ဖော်ပြသည်။
စစ်ကော်မရှင်တပ်သည် ယမန်နေ့ ညနေ ၄နာရီ ၃၀မိနစ်ခန့်အချိန်တွင်လည်း အမြင့်ကျွန်း တံတား အနီးအနားကို Y-12 လေယာဉ်ဖြင့် ဗုံး အလုံး ၆၀ ခန့် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။
စစ်ရှုံး ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်သည် ကျောက်ဖြူမြို့ရှိ ကျေးရွာများအား လေကြောင်း တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လာနေသောကြောင့် လေကြောင်းရန်အား ပိုမိုသတိထားကြပါရန် ထပ်မံအသိပေးအပ်ပါသည်ဟု AAက ထုတ်ပြန်ပြောထားသည်။
ဓာတ်ပုံ- AA Info Desk
ပုံစာ- စစ်ကော်မရှင်ကျောက်ဖြူမြို့နယ် စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ထားစဥ်