ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ယခင် NLD အစိုးရ၏ စစ်ကိုင်းတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးဦးကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် အတည်ပြု ခန့်အပ်လိုက်ကြောင်း သိရသည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ် ဆဋ္ဌမပုံမှန် အစည်းအဝေးကို ယနေ့ နိုဝင်ဘာ ၁၇ ရက်တွင် ဗီဒီယို ကွန်ဖရင့်မှတဆင့် ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၆၈)အရ ၎င်းအား စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဖြစ်လာသူ ဦးစိုးဦးသည် ၂၀၁၅ ရွေးကောက်ပွဲ၌ စစ်ကိုင်းမြို့နယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရ၍ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ဒုတိယအကြိမ် ထိုနေရာ၌ပင် အနိုင်ရထားသူဖြစ်သည်။
ထို့အပြင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ကိုလည်း ရွေးချယ်တင်မြှောက်ခဲ့ပြီး ၎င်းတို့မှာ လက်ရှိစစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ရေးဦးမြို့နယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးနှင့် ကောလင်းမြို့နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းတို့ဖြစ်သည်။
အဆိုပါအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်(CRPH)နာယက ဦးအောင်ကြည်ညွှန့်၊ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)မှ ကောင်စီဝင် ဦးတိုးကျော်လှိုင် တို့က ဧည့်သည်တော်အဖြစ် တက်ရောက် ခဲ့ကြောင်း သိရသည်။