ဧရာဝတီတိုင်းမ်
(မောတောင်)၊ နိုဝင်ဘာ ၁၇ ရက်
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့တွင် မြို့သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်က ယနေ့အချိန်အထိ စစ်ကူအင်အားအများအပြား ထပ်မံပို့ဆောင်နေကြောင်း သိရသည်။
မောတောင်မြို့ကို သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်မရှင်ဘက်မှ ရဟတ်ယာဥ် ကိုးစီးဖြင့် စစ်ကူအင်အားအများအပြားပို့ဆောင်ခဲ့သော်လည်း ၎င်းတို့ထဲမှ တော်လှန်ရေးတပ်ဖွဲ့များထံအလင်းလာဝင်သူ နှင့် စစ်တပ်မှထွက်ပြေးသူသွားကြများမှာ အယောက် ၅၀ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

“မောတောင်မှာ ထိုင်ထားတဲ့တပ်က ဗျူဟာမြောက်တပ်ဖြစ်ပြီး နယ်စပ်ကိုထိန်းချုပ်ထားပါတယ်။ မောတောင်မြို့ပြန်ရဖို့အတွက် စကစ(စစ်တပ်)မှ အင်အားအလုံးအရင်းနဲ့ လေကြောင်းစစ်ကူအပါအဝင် စစ်ကူအများအပြားထပ်ပြီး ပို့ဆောင်နေပါတယ်” ဟု အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ၃၃ စစ်ဆင်ရေးမှုး ရဲဘော်စောဒါးကို ကဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် မောတောင်မြို့တွင် ထိတွေ့တိုက်ပွဲအချို့လည်း ဆက်လက်ဖြစ်ပွားနေပြီး မောတောင်မြို့သိမ်းတိုက်ပွဲ သုံး ရက်တာအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ကြောင်းလည်းသိရသည်။
မောတောင်မြို့သည် မြိတ်၊ တနင်္သာရီမြို့၏ အဓိကနယ်စပ်ထွက်ပေါက်လည်းဖြစ်ကာ စီးပွားရေးအရ အရေးပါသည့် နယ်စပ်ဂိတ်မြို့လည်းဖြစ်ပြီး လက်ရှိတွင် မောတောင်ဒေသခံများမှာ ထိုင်းနိုင်ငံနှင့် နီးပ်ရာ ဥယျာဉ်ခြံမြေများတွင် စစ်ဘေးရှောင်တိမ်းနေကြသည်။

“တနင်္သာရီတိုင်းမြို့သိမ်းတာ တော်လှန်ရေး လေးနှစ်ကျော်မှာ ဒါပထမဦးဆုံးဖြစ်ပါတယ်။ မဟာမိတ်တပ်တွေအားလုံးရဲ့ ညီညွတ်မှု့ရလဒ်လို့လည်းပြောလို့ရတယ်။ မြို့သိမ်းတိုက်ပွဲမှာ KNLA တပ်မဟာ-၄ နှင့် နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပကဖ အဖွဲ့များ၊ မဟာမိတ်ပူးပေါင်းတပ်များက ကာကင်း၊ ဖြတ်တောက်ရေးနှင့် စခန်းချေမှုန်းရေးတွေကို ဟန်ချက်ညီညီ နဲ့ လပေါင်းများစွာပိတ်ဆို့ပြီး လေးရက်လောက်နဲ့ သိမ်းပိုက်ခဲ့ပါတယ်” ဟု ရဲဘော်စောဒါးကိုက ဆက်လက်ပြောသည်။
မောတောင်မြို့သိမ်းတိုက်ပွဲအတွင်းတွင်လည်း စစ်ကော်မရှင်တပ်သား ၄၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံအတွင်းသို့လည်း အများအပြားထွက်ပြေးခဲ့ကာ လက်နက်ခဲယမ်းအများအပြားကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သည်။
ဓာတ်ပုံ – BPLA