ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံ ကမ်းရိုးတန်း တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) ဖြစ်ပေါ်နေသောကြောင့် တိုင်းနှင့် ပြည်နယ် အချို့တွင် မိုးဆက်လက် ရွာသွန်းမည်ဖြစ်ကြောင်း ယနေ့ နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းတွင် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်သည်။
လေဖိအားနည်းရပ်ဝန်းကြောင့် လာမည့် နိုဝင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းအထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်း တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်နီ (ကယား) ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ်ကြောင်း မိုး/ဇလ ထံက သိရသည်။

လာမည့် နှစ်ရက်အတွင်းတွင်လည်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင် ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ရခိုင်ပြည်နယ် တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းနှင့် ပြည်နယ်တို့တွင်မူ တိမ်အသင့်အတင့် ဖြစ်ထွန်းမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ ၃၀ မိုင် အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၆ ပေမှ ၉ ပေအထိ ရှိနိုင်ကြောင်း မိုး/ဇလ က အသိပေးထားသည်။
ဓာတ်ပုံ – မိုး/ဇလ