နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်

 

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ပြည်သူ့ပါတီ(PP)ဝင် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်လောင်းကို မဲဆွယ်ရာတွင် ၂၀၂၁ နွေဦးတော်လှန်ရေးအကြောင်း ထည့်သွင်းပြောသဖြင့် အရေးယူသွားမည်ဟု စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC)က ဆိုသည်။

 

အဆိုပါပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းမှာ ဦးလွင်မြင့်ဖြစ်ပြီး ၎င်းသည် နိုင်ငံရေးမျိုးဆက် သုံးဆက်တိုင် နိုင်ငံရေးအကျဉ်းသားဖြစ်သလို ရွေးကောက်ပွဲအတွက် မဲဆွယ်ဟောပြောရာတွင်လည်း ထိုကိစ္စများ ထည့်ပြောသဖြင့် စစ်‌လော်ဘီများက အရေးယူပေးရန် တောင်းဆိုလာခြင်းဖြစ်သည်။

ယင်းသို့လှုံ့ဆော် တောင်းဆိုသဖြင့် UEC က ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်တွင် ဦးလွင်မြင့်အား အကြောင်းအရာ မှန်ကန်လျှင် တရားစွဲ အဖွဲ့အစည်းများမှ သက်ဆိုင်ရာဥပဒေဖြင့် အရေးယူရမည် ဖြစ်ပြီး ၎င်းတို့အနေဖြင့်လည်း ရွေးကောက်ပွဲဥပဒေဖြင့် ဆက်လက်အရေးယူရမည်ဟု ဝါဒဖြန့် မီဒီယာများကို ပြောကြားထားသည်။

 

ထိုကိစ္စနှင့် ပတ်သက်၍ ဦးလွင်မြင့်အား မေးမြန်းရန် ဧရာဝတီတိုင်းမ် သတင်းဌာနက ဆက်သွယ် နေဆဲဖြစ်ပြီး ၎င်းအနေ ဖြင့် မဲဆွယ်ဟောပြောရာ၌ နိုင်ငံရေးမျိုးဆက် သုံးဆက်တိုင် နိုင်ငံရေးအကျဥ်းသားဖြစ်ကာ ဖခင်ဖြစ်သူမှာ အာဏာရှင် စနစ်ကို တော်လှန်ခဲ့သော ကိုကိုးကျွန်းပြန် ဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်ဆိုရင်လည်း ၈၈ နောက်ပိုင်း ကျောင်းသားခေါင်းဆောင်များနဲ့အတူ အင်းစိန်ထောင်၊ သရက် ထောင်တွေမှာ ကျခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း တစ်ယောက်ဖြစ်တယ်။ ကျွန်တော်သား ကတော့ အခု ၂၀၂၁ ဒီအရေးတော်ပုံမှာ ထပ်မံပြီးတော့ ကျခဲ့တာ” ဟု ဦးလွင်မြင့်က မဲဆွယ် ဟောပြောသည်။

 

စစ်ကော်မရှင်သည် အာဏာသိမ်းပြီးနောက် ဦးလွင်မြင့်၏ သားဖြစ်သူ ကိုသန်းထိုက်ဦးကို ဖမ်းဆီးကာ ပုဒ်မ-၅၀၅ ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည်။ ပြီးခဲ့သည့် လပိုင်းကပင် သားဖြစ်သူ ပြန်လည် လွတ်မြောက် လာခြင်းဖြစ်ပြီး ယင်းအခြေအနေများအား ထည့်သွင်းဆို၍ ၎င်းကို ယုံကြည်စွာ မဲပေးရန် ဦးလွင်မြင့်က ထုတ်လွှင့်ပြောဆိုခဲ့သည်။

 

ပြည်သူ့ပါတီ (PP) ပါတီကို ယခင် ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးက ဦးဆောင်ထားပြီး အာဏာသိမ်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲအား တစ်နိုင်ငံလုံး အတိုင်းအတာ ဝင်ပြိုင်မည်ဖြစ်သည်။ ယင်းအနက် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးလွင်မြင့်ကို ပထမဆုံးအကြိမ် အရေးယူသွားရန် UEC က ထုတ်ဖော်ပြောလာ ခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ-ဦးလွင်မြင့်