ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်
ရုပ်ရှင်မှတ်တမ်းရိုက်ကူးရေး ဒရုန်းအမျိုးအစားကိုင်ဆောင်မှုကြောင့် တစ်သက်တစ်ကျွန်းထောင်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည့် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို နယ်စည်းမထားသတင်းထောက်များအဖွဲ့ ( RSF) က သတင်းလွတ်လပ်ခွင့်ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) အဖွဲ့တည်ထောင်မှု နှစ် ၄၀ ပြည့်အထိမ်းအမှတ်နှင့် စာနယ်ဇင်းလွတ်လပ် ခွင့်ဆုပေးပွဲ (၃၃) ကြိမ်မြောက်အခမ်းအနားကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပပြီး ဆုရရှိသူများကိုပေးအပ်ကြောင်း RSF ထံမှသိရသည်။
ဆုရသတင်းထောက်နှင့် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာရှင်ဒေဝီကိုယ်စား သတင်းလွတ်လပ်ခွင့်ဆုကို စာရေးဆရာမ မသီတာ (စမ်းချောင်း) က လက်ခံရယူပေးကြောင်း ၎င်း၏လူမှုကွန်ရက် စာမျက်နှာ တွင်ရေးသားထားသည်။

ရှင်ဒေဝီသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၊ ပြည်တွင်းစစ်၏ အကျိုးသက်ရောက်မှုများ၊ အနုပညာရှင်အကြောင်းများအပါအဝင်မှတ်တမ်းများစွာရိုက်ကူးထားပြီး နိုင်ငံတကာမှတ်တမ်းရုပ်ရှင်ဆုရရှိထားသူဖြစ်သည်။
ထို့ပြင် သတင်းမီဒီယာများစွာအတွက် လွတ်လပ်စွာလုပ်ကိုင်ခဲ့ပြီး ယခင်ကလည်း Radio Free Asia (RFA) ၏ မြန်မာပိုင်းအစီအစဉ်တွင်အလုပ်လုပ်ကိုင်ဖူးသူဖြစ်ကြောင်းပါဝင်သည်။
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာဖြစ်သူ ရှင်ဒေဝီမှတ်တမ်းရုပ်ရှင်များထဲမှ “Now I am 13”၊ “Take me Home” မှတ်တမ်းရုပ်ရှင်များဖြင့်ဆုရှိထားပြီး “စမ်းချောင်းဆစ်ကွန် ဆစ်ကွန်စမ်းချောင်း” က ပထမ ဆုံးရုပ်သံဇာတ်လမ်းတွဲရိုက်ကူးခဲ့ခြင်းဖြစ်သည်၊
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၄(ဃ) တို့ဖြင့် အင်းစိန်ထောင်တရားရုံးကနေ ဆုရမှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း မတရားချမှတ်ခဲ့သည်။
စစ်ကော်မရှင်သည် ရှင်ဒေဝီအား ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့သော်လည်း ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ထောင်ဒဏ်တစ်သက်မှ ထောင်ဒဏ် ၁၅ နှစ်သို့ လျှော့ချပေးခဲ့သည်။
ဓာတ်ပုံ – မသီတာ