နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင်က နယ်စပ်ဒေသများတွင် ကျူးလွန်လှုပ်ရှားနေသော ကျားဖြန့် (ခ) အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်သို့ သွားရောက်၍ လက်အောက်ခံ ဌာနဆိုင်ရာ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သည်။

အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) ကျူးလွန်နေသူများ မရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိပြီး ၎င်းတို့အခြေပြုဆောင်ရွက်လျက် ရှိသည့် အခြေခံအဆောက်အဦများကိုပါ ဖယ်ရှားရှင်းလင်းနေကြောင်း ယမန်နေ့ နိုဝင်ဘာ ၁၆ ရက် တွေ့ဆုံမှုတွင် ၎င်းက ဆိုသည်။

ယင်းမတိုင်မီ ကရင်ပြည်နယ်သို့ ရောက်ရှိစဉ်ကလည်း ထိုကဲ့သို့ ပြောဆိုခဲ့ပြီး လက်ရှိတွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မြ၀တီမြို့သစ်စီမံကိန်း၊ ရွှေက္ကိုလ်မြို့သစ်စီမံကိန်း၊ ရထိုက်မြို့သစ်စီမံကိန်း၊ ဒေါင်မေ ဥယျာဉ်စီမံကိန်း စသည့် ကျားဖြန့်ဂိုဏ်များအနက် KK Park နယ်မြေတစ်ခု အယောင်ပြ ဖြိုချနေကြောင်း သိရသည်။

စစ်ခေါင်းဆောင်ကမူ ကျားဖြန့်ဂိုဏ်း KK park နေရာကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ၎င်းတို့ အပြီးပြတ် ရှင်းလင်းသွားမည်ဟု နိုဝင်ဘာ ၁၅ ရက်၌ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ လက်အောက်ခံ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ်တွင်လည်း ရွေးကောက်ပွဲ ကိစ္စရပ်နှင့်အတူ ထည့်သွင်း ပြောဆိုထားသည်။

အဆိုပါ ကမ္ဘာကျော် ကျားဖြန့်ဂိုဏ်းများကို စစ်ကော်မရှင် ပါဝင်ပတ်သက်‌မှုရှိသည့် ၎င်းတို့၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)က ဦးဆောင်ကာ တရုတ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းများနှင့် ပူးပေါင်းလုပ်ဆောင်နေသလို အပစ်ရပ်ထားသော ကရင်လက်နက် ကိုင်တပ်ဖွဲ့ (DKBA) လည်း ဆက်နွယ် နေကြောင်း သတင်းများအရ သိရသည်။

ထိုအတူ ကျားဖြန့်ဂိုဏ်း KK park နေရာကို စစ်ကော်မရှင်အနေဖြင့် ဝင်ရောက်ဖမ်းဆီး ဖြိုချနေမှုများ သည် Starlink သုံး၍ ငွေလိမ်ဂိုဏ်းများ ပြန်ကြီးထွားလာမှုအပေါ် တရုတ်အစိုးရအပြင် အမေရိကန် ကွန်ဂရက်ကပါ စုံစမ်းစစ်ဆေးသွားမည်ဆိုသော ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် လုပ်ဆောင် လာခြင်းဖြစ်သည်။

ယင်းအပြင် ထိုင်းအစိုးရက ဖမ်းဆီးထားသည့် နိုင်ငံတကာ ရာဇဝတ်တရားခံ ရွှေကကုက္ကိုလ် စီမံကိန်းကို အကောင်အထည် ဖော်ခဲ့သူ ကျားဖြန့်ခေါင်းဆောင် ရင်ကျီကျန်းအား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမှု သည်လည်း စစ်ကော်မရှင်အတွက် အကျပ်ရိုက်စေသဖြင့် ထိုင်းနိုင်ငံနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ကို အပြစ်တင်လွဲချလျက်ရှိသည်။

အလားတူ ကျားဖြန့်ဂိုဏ်းနှင့် ပတ်သက်၍ BGF ခေါင်းဆောင် စောချစ်သူနှင့် တာဝန်ရှိသူများကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂတို့မှ ဒဏ်ခတ်ပိတ်ဆို့ထားပြီး ယင်းတို့နှင့်အတူ ပါဝင်ပတ်သက်နေသည့် DKBA နှင့် ခေါင်းဆောင် လေးဦးကိုလည်း အမေရိကန်က နိုဝင်ဘာ ၁၂ ရက်တွင် ပိတ်ဆို့အရေးယူခဲ့သည်။

ထို့အပြင် တရုတ်အစိုးရ ဦးဆောင်၍ ကျားဖြန့်ဂိုဏ်းများ ပူးတွဲတိုက်ဖျက်ရေး အရှိန်မြှင့်တင်သွားရန် အိမ်နီးချင်းဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ယခုရက်အတွင်း အစည်းအဝေး ပြုလုပ်ခဲ့ပြီး သဘောတူညီမှုများ ရရှိထားကြောင်း သိရသည်။

ဓာတ်ပုံ-MOI