ဆောင်းပါးရှင်-ဒေါက်တာမိုးသစ်နေ
ဧရာဝတီတိုင်းမ်၊ နိုဝင်ဘာ ၁၆ ရက်

အမေတစ်ယောက် ဝမ်းနဲ့လွယ်ထားတဲ့ ရင်သွေးအပေါ်ထားရှိတဲ့ မေတ္တာတရားကို အနှိုင်းမဲ့မေတ္တာတော် ရယ်လို့ ဖော်ကျူးကြပါတယ်။ မိခင်ဘဝမရောက်ခင် ကိုယ်ဝန်ဆောင်ချိန်မှာကတည်းက ကိုယ့်သန္ဓေ သွေးသား ဘေးဥပါဒ်အန္တရာယ် မကျရောက်စေဖို့ အနေအထိုင်၊ အစားအသောက်၊ အသွားအလာ တို့ကို ဆင်ခြင်ကြပါတယ်။ ကျန်းမာရေးအတွက် ကိုယ်ဝန် ဆောင်မိခင်တွေမှာ ဆေးဝါးအန္တရာယ် မဖြစ်စေဖို့ အထူးဂရုစိုက်ပြီး ရှောင်ရှားရပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ သောက်လိုက်တဲ့ ဆေးဝါးအချို့ဟာ အချင်း (Placenta) မှတစ်ဆင့် သန္ဓေသားဆီကို ရောက်ရှိသွားကာ ကြီးထွားမှု နှေးကွေးခြင်း၊ ကိုယ်အင်္ဂါများ ဖွံ့ဖြိုးမှုကို အနှောင့် အယှက်ပေးခြင်းစတဲ့ သန္ဓေသားကို ဆိုးကျိုးသက်ရောက် ထိခိုက်စေနိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။

သန္ဓေသားရဲ့ အင်္ဂါအစိတ်အပိုင်းများ ဖွဲ့စည်းတဲ့ ပထမသုံးလပတ် (First Trimester) ကာလတွင် ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ရပါတယ်။

🟥ကိုယ်ဝန်ဆောင်စဉ် ဆေးဝါးသောက်သုံးမှု သတိပြုရန်

ကိုယ်ဝန်ဆောင်တွေအနေနဲ့ ရင်သွေးလွယ်ထားရတဲ့အချိန်မှာ မိမိသဘောအတိုင်း ဆေးသောက်ခြင်းကို လုံးဝရှောင်ရှား ရပါမယ်။ အကိုက်အခဲပျောက်ဆေး၊ အားဆေး၊ ဗီတာမင် စတဲ့ မည်သည့်ဆေးဝါးကိုမဆို သောက်သုံးတော့မယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် သားဖွားမီးယပ်ဆရာဝန် (OB/GYN) ဖြင့် မေးမြန်း တိုင်ပင်ရပါမယ်။

ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ရော ကလေးပါ ကျန်းမာရေး မထိခိုက်စေဖို့ ဆရာဝန်ညွှန်းကြားတဲ့ ဆေးတွေကို ညွှန်းကြားထားတဲ့ အချိန်၊ ပမာဏအတိုင်း အတိအကျ သောက်သုံးသင့် ပါတယ်။

ဆေးညွှန်းစာမလိုဘဲ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်သောက်နိုင်တဲ့ (Over-the-Counter/OTC) ဆေးများ၊ သဘာဝဖြည့်စွက်စာဆေး၊ အားဆေး၊ ဗီတာမင်၊ သစ်ဥသစ်ဖုဆေးဝါး၊ တိုင်းရင်းဆေးဝါးများ သာမကပဲ ကိုယ်ဝန်မဆောင်မီကတည်းက သောက်သုံးနေတဲ့ နဂိုရှိရင်းစွဲဆေးဝါးများ ကိုပါ (ဘယ်လိုဆေးဝါးကိုမဆို) အလွယ်တကူ မသောက်ရပါဘူး။ ကိုယ်ဝန်ဆောင်ကျန်းမာရေး စောင့်ရှောက် ပေးသော ဆရာဝန်ကို အသိပေးရန် လိုအပ်ပါတယ်။

ဆေးဝါးကို ပမာဏနည်းနိုင်သမျှ အနည်းဆုံး ဖြင့်သာ သက်သာစေသော ပမာဏ (Lowest Effective Dose) ကို တွက်ချက်ပြီး သောက်သုံးကုသဖို့ ဆရာဝန်က ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်မယ် ဆိုရင် ကိုယ်ဝန်ရဲ့ ပထမသုံးလပတ်တွင် ဆေးသောက်စရာ မလိုဘဲ ကျန်းမာနေအောင် ဂရုစိုက် နေထိုင်သင့်ပါတယ်။ အိပ်ရေးဝဝအိပ်ခြင်း၊ အစားအာဟာရ မျှတအောင် စားသုံးခြင်း၊ နားနားနေနေ နေထိုင်ခြင်း စသည့် သဘာဝနည်းလမ်းများဖြင့် သက်သာအောင် ကြိုးစားရပါမယ်။

🟥သန္ဓေသားကို ထိခိုက်စေနိုင်သော ဆေးဝါးများ (Teratogenic Drugs)

နာမည်ဆိုးနှင့် ကျော်ကြားသည့် ဆိုးကျိုးများကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း မဖြစ်မနေ ရှောင်ရှား သင့်သော ဆေးဝါးများရှိပါတယ်။

◼️ဝက်ခြံပျောက်ဆေး(Isotretinoin)

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုတွေ၊ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝက်ခြံပြဿနာကို ကြုံတွေ့ရတတ်ပါတယ်။ Isotretinoin ဆေးဖြင့် ဝက်ခြံကုသအပြီး မွေးလာတဲ့ ကလေးများမှာ ပြင်းထန်တဲ့ ဦးနှောက်၊ ဦးခေါင်းခွံ၊ မျက်နှာပုံစံ၊ နှလုံး၊ သွေးကြော၊ ဟော်မုန်းထုတ် အင်္ဂါတွေမှာ မွေးရာပါ ချို့ယွင်းချက်တွေ ပါလာတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံပေါက်ရင် မိမိသဘောနဲ့မိမိ မကုသဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များဖြင့် ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။ Isotretinoin ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံး ရှောင်ရန် လိုအပ်ပါတယ်။

◼️အအန်ပျောက်ဆေး၊ ကင်ဆာဆေး(Thalidomide)

Thalidomide ဆိုတဲ့ ဆေးဝါးကို ၁၉၅၀-၁၉၇၀ ပြည့်နှစ်များအတွင်း အိပ်ဆေးနှင့် ကိုယ်ဝန်ဆောင် ပျို့အန်ခြင်းများအတွက် အသုံးပြုမှု အလွန်များပြားခဲ့ပါတယ်။ ပထမသုံးလပတ် ကိုယ်ဝန်ကြောင့် ပျို့အန်ခြင်းအတွက် ကုသမှုခံယူခဲ့သူတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံတွေ့လာရပါတယ်။ ဆေးဝါးသုံးခဲ့တဲ့ မိခင်တွေရဲ့ ကလေးတွေမှာ ခြေလက်အင်္ဂါ မဖွံ့ဖြိုးဘဲဖြစ်စေ၊ ခြေလက်တိုပြီးဖြစ်စေ (Phocomelia) မွေးဖွားလာကြပါတယ်။ အရိုးဖွံ့ဖြိုးမှုကို နှောင့်နှေးတားဆီးတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့ Thalidomide ဆေးဝါးသုံးစွဲမှုကို တားမြစ်ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ ကင်ဆာ ဆေးဝါးအဖြစ် တစ်ကျော့ပြန် ပြီး အသုံးဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

◼️သွေးကျဲဆေး(Warfarin)

သွေးကျဲဆေး Warfarin က ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ထိခိုက်နစ်နာမှုတွေ အများကြီး ဖြစ်စေနိုင် ပါတယ်။ ကိုယ်ဝန်နုစဉ် ရင်သွေးငယ် အဖတ်မတင်ဘဲ သားပြတ်သားလျှော ကြုံရတတ်ပါတယ်။ ကလေးအသေမွေးတာလည်း ဖြစ်တတ်ပါတယ်။ သန္ဓေသားရဲ့ အရိုးဖွံ့ဖြိုးမှု ချို့ယွင်းခြင်း ကြောင့် ဂုတ်တိုခြင်း၊ အရပ်ပုခြင်း၊ ခါးအရိုးစောင်းခြင်း တွေကို မွေးရာပါ ပါလာတတ်ပါတယ်။ ဦးခေါင်းခွံ၊ မျက်နှာရှိ အရိုး၊ အရိုးနုများ ဖွံ့ဖြိုးမှုနည်းပါးခြင်းကြောင့် နှာခေါင်းရိုးပြားပြီး မွေးကင်းစအရွယ်မှာ အသက်ရှူရခက် တဲ့ ပြဿနာကို ကြုံလာရတတ်ပါတယ်။ ကလေးငယ်မှာ ဦးနှောက်နှင့် အာရုံကြော ချို့ယွင်းချက်တွေနဲ့ မွေးဖွားလာရတတ်ပါတယ်။

◼️စိတ်ရောဂါကုသဆေး(Lithium)

စိတ်အတက်အကျဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့အတွက် လီသီယမ် လို့ခေါ်တဲ့ ဆေးဝါးကို အသုံးပြု ကုသရပါတယ်။ ကုသမှုခံယူနေသူ ကိုယ်ဝန်ဆောင်ချိန် ဆေးဆက်သုံးစွဲခဲ့လျှင် ကလေးငယ်မှာ မွေးရာပါ နှလုံးရောဂါ ပါလာတတ်ပါတယ်။ အတွေ့ရအများဆုံးကတော့ မွေးရာပါ နှလုံးချို့ယွင်းခြင်း (Ebstein’s Anomaly) ဖြစ်ပြီး ပထမသုံးလပတ်တွင် မိခင်သောက်ခဲ့တဲ့ ဆေးဝါးကြောင့် ဖြစ်ရတယ်လို့ လေ့လာချက်များအရ သိရပါတယ်။ တစ်ခါတလေမှာလည်း သန္ဓေသား အဖတ်မတင်ဘဲ သားပြတ် သားလျှော ဖြစ်တတ်ပါတယ်။ သန္ဓေရင့်မာလာပြီး မွေးဖွားခါနီးမှာ လီသီယမ် ဆေးဝါး ထိတွေ့ခဲ့ပါက ကလေးမှာ ပျော့ဖတ်ခွေခေါက် အကြောပျော့ခြင်း၊ နို့မစို့နိုင်ခြင်း၊ အသက်ရှူရခက်ခြင်း၊ လည်ပင်း သိုင်းရှိုက် နှင့် ကျောက်ကပ်ပြဿနာ တွေကို မွေးပြီးချင်းမှာပင် ခံစားရတတ်ပါတယ်။

◼️အတက်ဝေဒနာကုသဆေး (Phenytoin / Valproate)

အတက်ရောဂါအတွက် ကုသဆေးဝါးတွေကလည်း သန္ဓေသားကို ဆိုးကျိုးတွေ သက်ရောက် စေတာကြောင့် ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အထူးဂရုပြုရပါမယ်။ နှလုံး၊ ဦးနှောက်၊ ခြေလက် စတဲ့ မွေးရာပါ ကိုယ်အင်္ဂါဖွံ့ဖြိုးမှု ချို့တဲ့ခြင်း အပြင် ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာ တွေဖြစ်တဲ့ Autism spectrum disorder (ASD) အော်တစ်ဇင်၊ Attention Deficit Hyperactivity Disorder (ADHD) တက်ကြွလွန်းတဲ့ စိတ်ဂဏာမငြိမ်ခြင်း၊ ကလေးငယ်မှာ IQ ဉာဏ်ရည်နိမ့်ခြင်း တို့လို အခြေအနေတွေပါ တွေ့ရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံး အတက်ရောဂါ ကုသဆေးဝါးကို အထိရောက်ဆုံးနှင့် အနည်းဆုံး ပမာဏ ဖြင့်သာ တွက်ချက်ကုသရမှာဖြစ်ပါတယ်။

◼️သွေးတိုးကုသဆေးများ(ACEI ARBs)

Losartan (လိုဆာတန်)၊ Telmisartan (တယ်မီဆာတန်) နှင့် Enalapril (အီနာလပ်ပရေး)၊ Lisinopril (လစ်စင်နိုပရေး) စတဲ့ အသုံးများတဲ့ သွေးတိုးရောဂါကုသဆေးဝါး တွေက ကိုယ်ဝန်ဆောင်ချိန်မှာ သောက်သုံးလို့ မရပါဘူး။ သန္ဓေသားကို ဆိုးရွားပြင်းထန်တဲ့ ဆိုးကျိုးတွေဖြစ်စေနိုင်တာကြောင့်ပါ။ ကျောက်ကပ်ပျက်စီးခြင်း၊ ရေမွှာရည်ခမ်းခြင်း၊ အရိုးဖွံ့ဖြိုးမှုထိခိုက်ခြင်း၊ အဆုတ်ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ မိခင်သားအိမ်တွင်း ကလေးသေဆုံးခြင်း ဆိုတဲ့ ဆိုးကျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ သွေးတိုးရောဂါ ရှိနေသူ ကိုယ်ဝန်ရှိစဉ်ကပင် ဆရာဝန်နဲ့ စနစ်တကျ ပြသပါ။ ကိုယ်ဝန်ဆောင်ချိန်တွင် သောက်သုံးနိုင်တဲ့ သွေးတိုးထိန်းဆေးသို့ ပြောင်းလဲသုံးစွဲပါ။

◼️အကိုက်အခဲပျောက်ဆေးများ) (NSAIDs)

ကိုယ်ဝန်ဆောင်ကာလမှာ (Indomethacin၊ Ibuprofen၊ Naproxen) အကိုက်အခဲပျောက်ဆေးများကို ရှောင်ရပါတယ်။ ကိုယ်ဝန်အရင့်အမာအချိန်မှာ လုံးဝလုံးဝရှောင် ရပါမယ်။ ကလေးရဲ့ နှလုံးသားမှာရှိတဲ့ ဆက်သွယ်သွေးကြော (Ductus Arteriosus) ကို ပိတ်စေခြင်းက ကလေးငယ်ကို အသက်အန္တရာယ် ဖြစ်စေပါတယ်။ အကိုက်အခဲပျောက်ဆေးတွေက သန္ဓေသားရဲ့ နုနယ်လှတဲ့ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေ ပါတယ်။

◼️ပဋိဇီဝ ပိုးသတ်ဆေးများ (Tetracycline နှင့် Doxycycline)

ကိုယ်ဝန်ဆောင်ချိန်မှာ ပိုးသတ်ဆေးတွေကိုလည်း ရှောင်ရှားရပါတယ်။ ပိုးသတ်ဆေးအများစုက အချင်းကို ဖြတ်သန်းပြီး သန္ဓေသားထံ ပျံ့နှံ့ရောက်ရှိပါတယ်။ သန္ဓေသားလေးရဲ့ သွားတွေ၊ အရိုးတွေ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ မြင်သာတာကတော့ ကလေးငယ်တွေမှာ သွားတွေ အရောင်ပြောင်း လဲတာ (အဝါရောင်၊ ခဲရောင်၊ အညိုရောင်) ပဲ ဖြစ်ပါတယ်။

ဒါကတော့ သန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆေးဝါးအချို့ကို ရှင်းပြထားတာပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဆေးဝါးတွေကို ရမ်းသမ်းပြီး မသောက်သင့်ပါဘူး။ တတ်ကျွမ်းနားလည်သူ ဆေးဝါးကုသပေးတဲ့ ဆရာဝန်များဖြင့် အသေအချာ တိုင်ပင်သင့်ပါတယ်။

🟥သန္ဓေသား ကျန်းမာရေးအတွက် မရှိမဖြစ်သောက်သုံးသင့်သော ဆေးဝါးများ

ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်နှင့် သန္ဓေသား ကျန်းမာဖွံ့ဖြိုးရန်အတွက် မဖြစ်မနေ ဖြည့်စွက် သောက်သုံးသင့်သော အာဟာရဓာတ်နှင့် ဆေးဝါးများရှိပါသည်။ သတ်မှတ်ပမာဏအတိုင်း သောက်သုံး ပါက အန္တရာယ်ကင်းပါသည်။

◼️ဖောလစ်အက်ဆစ် (Folic Acid)

ကလေးယူမယ်လို့ စဉ်းစားထားတဲ့အချိန်ကစတင်ပြီး (Folic Acid – 400 – 800 mcg) ကို သောက်သုံး သင့်ပါတယ်။ ကလေးငယ် ဦးနှောက်အာရုံကြောစနစ် ဖွံ့ဖြိုးဖို့အတွက် ဖောလစ်အက်ဆစ် အများအပြား လိုအပ်ပါတယ်။ Neural Tube Defects (အာရုံကြောပြွန်ချို့ယွင်းခြင်း)၊ Spina Bifida (ကျောရိုးမ အာရုံကြော ခါးမှထွက်လာခြင်း ချို့ယွင်းချက်) နှင့် Anencephaly (ဦးနှောက်မဖွံ့ဖြိုးလာခြင်း) တို့ ဖြစ်ပွားနိုင်ခြေကို ဖောလစ်အက်ဆစ် သောက်သုံးကာ ကြိုတင်ကာကွယ်နိုင်ပါတယ်။

◼️သံဓာတ် (Iron Supplement) Iron Supplement)

သံဓာတ်အားဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးရပါမယ်။ ကိုယ်ဝန်ဆောင်စဉ် သွေးပမာဏ သိသိသာသာ တိုးလာတာကြောင့် သံဓာတ်လိုအပ်မှုလည်း များလာပါတယ်။ အောက်ဆီဂျင်ကို သန္ဓေသားဆီသို့ သယ်ပို့ရန် သံဓာတ်ကို မရှိမဖြစ် လိုအပ်ပါတယ်။ မိခင်တွင် သွေးအားနည်းရောဂါ (Anemia) ရှိနေပါက မောပန်းနွမ်းနယ်ခြင်း၊ ပုံမှန်မဟုတ်ဘဲ စောပြီး မီးဖွားခြင်း၊ ကလေးကိုယ်အလေးချိန် နည်းပါးခြင်း ကို ဖြစ်စေနိုင်သည်။

◼️အိုင်အိုဒင်း (Iodine)

ကိုယ်ဝန်ဆောင်ဗီတာမင် အားဆေးများတွင် အိုင်အိုဒင်း ပါဝင်ပါတယ်။ သန္ဓေသား ဦးနှောက်နှင့် အာရုံကြောဖွံ့ဖြိုးမှု ပြဿနာများ၊ ဉာဏ်ရည်နိမ့်ခြင်း (Mental Retardation)၊ လည်ပင်းကြီးရောဂါ စတာတွေက အိုင်အိုဒင်းဓာတ် ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။

◼️ကိုယ်ဝန်ဆောင်အားဆေး (Multivitamins for pregnant women)

ကိုယ်ဝန်ဆောင်အားဆေးများတွင် မိခင်ရော ကလေးအတွက်ပါ လိုအပ်တဲ့ Vitamins ဗီတာမင်တွေကို နေ့စဉ်လိုအပ်ချက်အတိုင်း တွက်ချက်ပြီး ပြင်ဆင်ထားကြပါတယ်။ အစာအာဟာရ မျှမျှတတ စားသုံးမယ်ဆိုရင် ကိုယ်ဝန်ဆောင်အားဆေး မလိုအပ်ပေမယ့် လက်တွေ့ဘဝမှာတော့ ကိုယ်ဝန်ဆောင် မိခင်တိုင်း အားဆေးသောက်ကြပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကိုယ်နဲ့သင့်တော်မယ့်ဆေးကို ရွေးချယ်သောက်သုံးနိုင်ပါတယ်။

ဧရာဝတီတိုင်းမ် ပရိသတ်များလည်း “ဆေးဝါးနှင့် ကိုယ်ဝန်” ဆောင်းပါးကို ဖတ်ရှုပြီး ကျန်းမာရေး ဗဟုသုတနှင့် အမြင်သစ်တွေကို ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်ဝန်ဆောင်များအားလုံး ဘေးကင်းကွာပြီး ကျန်းမာသန်စွမ်းတဲ့ ရင်သွေးလေးများကို မွေးဖွားနိုင်ပါစေကြောင်း ဆုတောင်း လိုက်ပါတယ်။

နောက်တစ်ပတ်မှာတော့ “ခန္ဓာကိုယ်မှာ သိုလှောင်ထားတဲ့ အဆီများ” အကြောင်းကို ဖော်ပြပေးပါမယ်။