နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်

စစ်ကော်မရှင်က ၎င်းတို့ကို ခုခံတော်လှန်‌နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုများ ဖွင့်ထားပြီး မြဝတီမြို့နယ်မှ ထောက်ခံသူအချို့ဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲကို ထောက်ခံကြိုဆိုကြောင်း တန်ပြန်ဝါဒဖြန့်မှုများကို လုပ်ဆောင်၍ အကျယ်တဝင့် ဖော်ပြလာကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြန်လည်ပြုလုပ်မည့် ရွေးကောက်ပွဲအတုကို လက်မခံဘဲ ကန့်ကွက်တိုက်ဖျက်ရန် ကြေညာထားသော KNU ဥက္ကဋ္ဌအပါအဝင် ခေါင်းဆောင်များ ကို စစ်ကော်မရှင်က အမှုဖွင့်ထားသည်။ မကြာသေးမီကလည်း KNU တပ်မဟာ (၁) သထုံခရိုင် ဥက္ကဋ္ဌအပါအဝင် ၂၂ ဦးကို ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်ခဲ့သည်။

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာ ၂၈ ရက် တွင် ကရင်ပြည်နယ်ရှိ ဘားအံ၊ မြဝတီနှင့် သံတောင်ကြီးအပါအဝင် နိုင်ငံတဝန်း မြို့နယ် ၁၀၂ မြို့၌ ရွေးကောက်ပွဲ အပိုင်း (၁) ကို ပြုလုပ်သွားရန် စီစဉ်နေပြီး ၎င်းအတွက် ပြည်သူ့အသံဟုဆိုကာ ထောက်ခံသူများဖြင့် ဝါဒဖြန့်လာခြင်းဖြစ်သည်။

စစ်ကော်မရှင်သည် ရွေးကောက်ပွဲကို လက်မခံကန့်ကွက်သည့် မြဝတီမြို့နေ ပြည်သူများအပါအဝင် နိုင်ငံတစ်ဝန်းရှိ လူငယ်များကိုလည်း ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးနေသည့်အပြင် KNU အပါအဝင် အချို့သော EROs များကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထုတ်ပြန်ကာ စစ်ရေးအရလည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲအတုသည် ၎င်းတို့၏ အာဏာသိမ်းမှုကို တရားဝင် ဖြစ်စေရန်နှင့် ထွက်ပေါက် ရရှိစေရန် ရည်ရွယ်ပုံဖော်နေသော အတုအယောင် ရွေးကောက်ပွဲ သာဖြစ်ခြင်းကြောင့် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံအသီး သီးတို့မှ ကန့်ကွက်လျက်ရှိသည်။

ဓာတ်ပုံ- MOI