နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်

အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့ပြုလုပ်မည့် ရွေးကာက်ပွဲကို နှောင့်ယှက်ဖျက်ဆီးမှုဖြင့် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်နေ လူငယ်လေးဦးကို ထပ်မံဖမ်းဆီးလိုက်ပြီး လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်လှန်ရေးအဖွဲ့များ (EROs) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် အမှုဖွင့်ခံရသည့် ပြည်သူ ၁၀၀ ကျော် ရှိလာပြီဖြစ် ကြောင်း သိရသည်။

အဆိုပါလူငယ်လေးဦးသည် သင်္ဃန်းကျွန်းမြို့နယ်၌ စိုက်ထူထားသော ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ် ၁ ခု၊ ပြည်သူ့ပါတီ ဆိုင်းဘုတ် ၂ ခုနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ ဆိုင်းဘုတ် ၁ ခုတို့ကို ယမ‌န်နေ့ နိုဝင်ဘာ ၁၄ ရက်က ဖြိုလှဲဖျက်ဆီးသဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။

စစ်ကော်မရှင်၏ ဖမ်းဆီးခြင်းခံရသူများမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်အောင်ရပ်ကွက်နေ ရွှေလင်းဦး ၂၀ နှစ်၊ ချစ်လင်းကို ၂၈ နှစ်နှင့် စွမ်းထက်အောင် ၁၉ နှစ်၊ ဗိုလ်ကံညွန့်ရပ်ကွက်နေ ခိုင်မင်းကို ၂၀ နှစ်တို့ဖြစ်ပြီး ၎င်းတို့ကို ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၄(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲကို ပြည်သူနှင့် တော်လှန်ရေးအင်အားစုများက လက်မခံကန့်ကွက်နေသဖြင့် ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်တွင် ယင်းဥပဒေကို ပြဌာန်းပြီး EROs၊ PDF ၊ သတင်းဌာန၊ အနုပညာရှင်များနှင့် ပြည်သူတို့အား အမှုဖွင့်လျက်ရှိကြောင်း သိရသည်။

လက်ရှိအထိ အမှုဖွင့်ထားသည့်အထဲ KNU ဥက္ကဋ္ဌအပါအဝင် ၃၅ ဦး၊ CNF အပါအဝင် ချင်းပြည် Chinland အစိုးရအဖွဲ့ဝင် ၁၇ ဦး၊ AA တပ်ဖွဲ့၊ စလင်း PDF နှင့် တော်လှန်ရေး အင်အားစုများ၊ AAMIJ News သတင်းဌာန၊ အနုပညာရှင်များ၊ ပြည်သူများ ပါဝင်သည်။

ယင်းအပြင် ရန်ကုန်၊ ကရင်၊ ကရင်နီအပါအဝင် စသည့်ဒေသများမှ အသက်မပြည့်သေးသော လူငယ်များကို အမှုဖွင့် ဖမ်းဆီးနေသလို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကို ရောက်ရှိနေသည့် စစ်ဘေးရှောင် တစ်ဦးကိုလည်း ထိုဥပဒေဖြင့် စစ်ကော်မရှင်က ထောင်ဒဏ် ၇ နှစ် ချမှတ်ထားသည်။

ဓာတ်ပုံ- MOI