ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင်၊ စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဆင်းရဲနွမ်းပါးသူများကို ဖမ်းဆီးကာ ပြည်သူ့စစ်မှုထမ်းအတွက် ရောင်းစားပြီး အလုပ်‌ဖြစ်နေကြောင်း ဒေသခံများထံကသိရသည်။

ပြည်သူ့စစ်မှုထမ်းအတွက် ရောင်းစားနေကြသူများမှာ ရွှေတောင်မှော်တိုက်နယ်၊ ရွှေတောင်မှော်ကျေးရွာ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၊ စာရေး မျိုးမင်းနှင့် အ​ပေါင်းပါများဖြစ်သည့် မောင်ဇော်၊ ကြည်စိုး၊ သိန်းထိုက်၊ မျိုးဝင်၊ အေးငွေ၊ မင်းနိုင် တို့ဖြစ်ကြကြောင်း ဒေသခံများကပြောသည်။

“မရှိဆင်းရဲသား မိသားစု အသိုင်းဝိုင်းနည်းတဲ့သူတွေကို ဖမ်းပီး စစ်မှုထမ်းအတွက်ရောင်းစားနေကြတာပါ။ စစ်မှုထမ်းရောင်းခံရတဲ့သူတွေကို ပတ်ဝန်းကျင်က ကြားကောင်းအောင်၊ လေးငါးဆယ်သိန်းလောက်နဲ့ နှစ်သိပ့်ပေးတာပေါ။ ကျန်တဲ့ငွေတွေကို အုပ်ကြီးတို့အပိုင်သိမ်းပြီး အခုဆို အတော်လေး ချမ်းသာနေကြပြီ”ဟု ရွှေတောင်မှော်တိုက်နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင်လည်း စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့် အဖွဲ့သည် ရွှေတောင်မှော်ကျေးရွာရှိ နေအိမ်တစ်အိမ်လျှင် ပြည်သူ့စစ်မှုထမ်းကြေးအဖြစ် ငွေနှစ်သောင်ကျပ်ပေးဆောင်ရကြောင်း ဒေသခံများကပြောသည်။

ရွှေတောင်မှော်ကျေးရွာတွင် ရပ်ကွက် ၁၃ ခုအထိရှိပြီး အိမ်ခြေ ၁၈၀၀ ကျော်ရှိကာ ပြည်သူ့စစ်မှုထမ်းကြေး လစဉ်ကောက်ခံရရှိငွေမှာ သိန်းရာကျော်အထိရရှိကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတိုင်းရှိ မြို့နယ်အများစုတွင် စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများက ပြည်သူ့စစ်မှုထမ်း လူစားထိုးဝယ်ယူရန်ဟုဆိုကာ ငွေးကြေးများ အဆမတန်တောင်းယူနေသော်လည်း အမှန်တကယ် ပြည်သူ့စစ်မှုထမ်းအဖြစ် ပို့ဆောင်ခံရသူများမှာ ငွေကြေးများမရရှ်ိကြောင်း ပြည်သူ့စစ်မှုထမ်းတစ်ဦး၏ မိသားစုဝင်ကပြောသည်။

ဧရာဝတီတိုင်းအတွင်း ၂၆ မြို့နယ်ရှိပြီး စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးအများစုမှာ ကျေးရွာပြည်သူ့စစ်၊ ပြည်သူ့စစ်မှုထမ်းများအတွက် ထောက်ပံ့ရန်နှင့် လူများဝယ်ယူရန်ဟုဆိုကာ အကြောင်းအမျိုးမျိုးပြပြီး လက်ရှိအချိန်ထိ ငွေတောင်းယူလျက်ရှိကြောင်း ဧရာဝတီတိုင်းမ်က စုံစမ်းသိရသည်။