ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်
စစ်ကော်မရှင်က စာသင်ကျောင်းများကိုဗုံးကြဲတိုက်ခိုက်သဖြင့် ပညာသင်ကြားနေသော အပြစ်မဲ့ ကလေးငယ်များသေဆုံးနေရသောကြောင့် ပညာရေးကပြစ်မှုမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သားငယ် ကိုထိန်လင်း (ကင်အဲရစ်) က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ဖော်ရေးသားထားသည်။
မြန်မာနိုင်ငံ၌ စာသင်ကျောင်းထဲကလေးများ ပညာသင်ကြားနေချိန်တွင် စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကျောင်းသားအများအပြား သေဆုံးခဲ့ရပြီး ကျောင်းတွင်ကလေးများ ရှိနေသဖြင့် သေဆုံးရသည့် အဖြစ်အပျက်များဖြစ်ပေါ်နေကြောင်း ရေးသားထားသည်။
“ ကလေးတွေဟာ ကျောင်းသွားတဲ့အတွက် အသက်သေဆုံးနေရတယ်။ စစ်အာဏာရှင်က လူတွေနဲ့ အတူ နိုင်ငံရဲ့အနာဂတ်ကိုပါ ဖျက်ဆီးနေတယ်။ ပညာရေးကို ပြစ်မှုအဖြစ် မသတ်မှတ်သင့်ဘူး။ စာအုပ် ကိုင် ထားတဲ့ကလေးတစ်ဦးဟာ စာသင်ခန်းထဲမှာ မသေသင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ကင်အဲရစ်) က ဆိုသည်။
မိခင်ဒေါ်အောင်ဆန်းစုကြည်သည် ပညာရေးကိုအလေးထားသူဖြစ်ကာ ကလေးငယ်များ အကြောက် တရားမှ ကင်းဝေးပြီးလွတ်လပ်ငြိမ်းချမ်းစွာ လူ့ဂုဏ်သိက္ခာရှိစွာကြီးပြင်းရန်လိုလားသူ ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
ယခုလပိုင်းမှာပင် မန္တလေးတိုင်း စဉ့်ကူးမြို့နယ် မာလဲကျေးရွာရှိ စစ်ဘေးရှောင်များနေထိုင်ရာ စာသင်ကျောင်း၊ ချင်းပြည် နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် ကျေးရွာ နှစ်ရွာမှစာသင်ကျောင်း များလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သား သေဆုံးသူများရှိသည်။
၂၀၂၅ခုနှစ်၊ မေလမှ သြဂုတ်လအထိ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက် အအုံ ၆၆ ခု၊ စာသင်ကျောင်း ၄၆ ကျောင်းနှင့် ဆေးရုံ၊ ဆေးခန်း ၁၁ ခု တို့ ထိခိုက်ပျက်စီးရကြောင်း ဉာဏ်အလင်းသစ်သုတေသနအဖွဲ့ထံမှ သိရသည်။
အဆိုပါစစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၆၀၄ ဦး၊ ဒဏ်ရာရရှိသူ ၁၃၃၉ ဦး ရှိကြောင်းပါဝင်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်