နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်
အာဏာသိမ်း စစ်ကော်မရှင်အား ထောက်ခံအားပေးနေသည့် ဒိန်းဒေါင်၊ ငြိမ်းချမ်း၊ အုန်းသီးအပါအဝင် သရုပ်ဆောင်နှင့် ဒါရိုက်တာများကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘွဲ့တံဆိပ်များ ချီးမြှင့်ခဲ့သည်။
စစ်ခေါင်းဆောင်က ၎င်းရယူထားသော ယာယီသမ္မတ ရာထူးဖြင့် ယနေ့နိုဝင်ဘာ ၁၄ ရက်တွင် ကျရောက်သည့် အမျိုးသားနေ့၎င်း ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ရာ စစ်တပ်ထောက်ခံ အနုပညာရှင်များအနေဖြင့် လူမှုထူးချွန်တံဆိပ် (ပ၊ဒု၊တအဆင့်) များ ရရှိခဲ့ခြင်းဖြစ်သည်။

လူမှုထူးချွန်တံဆိပ် (ပထမအဆင့်)ကို ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် ဟာသသရုပ်ဆောင် ဒိန်းဒေါင်၊ လူမှုထူးချွန်တံဆိပ် (ဒုတိယအဆင့်)အား ဟာသသရုပ်ဆောင် ငြိမ်းချမ်း၊ သရုပ်ဆောင် ဝေဠုကျော်နှင့် ခိုင်နှင်းဝေတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဟာသသရုပ်ဆောင် အုန်းသီး၊ ဟာသသရုပ်ဆောင် တိမ်ညွန့်၊ သရုပ်ဆောင် ထူးခန့်ကျော်၊ သရုပ်ဆောင် ချမ်းသာကြည်စိုး၊ သဘင်/သရုပ်ဆောင် တင်မောင်ဆန်းမင်းဝင်းနှင့် ပတ္တမြားကေခိုင် တို့လည်း လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ရရှိခဲ့သည်။

ယင်းအပြင် ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)၊ ညိုမင်းလွင်နှင့် ကျော်ဇော်လင်း(အတွေးပုံရိပ်)တို့ကို လူမှုထူးချွန်တံဆိပ် (တတိယအဆင့်)များ စစ်ခေါင်းဆောင်က ပေးအပ်ခဲ့ပြီး ဒါရိုက်တာ ဇော်မြင့်ဦးကိုလည်း အနုပညာထူးချွန်တံဆိပ် (ပထမအဆင့်) ချီးမြှင့်ခဲ့သည်။
အလားတူ သရုပ်ဆောင် ကမ္ဘာကျော်ငွေလှိုင်နှင့် အနုပညာရှင် (မင်းသမီး) ဒေါ်စီစီစိန်အား အနုပညာထူးချွန်တံဆိပ် (ဒုတိယအဆင့်) ပေးအပ်ခဲ့သလို စစ်တပ်က အာဏာသိမ်းပြီးနောက် အနုပညာရှင်များစွာနှင့် လူပုဂ္ဂိုလ်အများအပြားကို ဘွဲ့တံဆိပ်များ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ယနေ့ပေးအပ်မှုများထဲတွင် တေးရေး ရေနံ့သာဝင်းမောင်၊ ဂီတပညာရှင် စန္ဒရားတင်ဝင်းလှိုင်၊ အဆိုပညာရှင် ရေနံ့သာစိုးလှိုင်၊ မဟာဂီတအဆိုပညာရှင် ရွှေကူနန်းနွဲ့နွဲ့၊ ဒါရိုက်တာ အေဝမ်းမောင်တင်ယု နှင့် အောင်လွင်တို့လည်း အလင်္ကာကျော်စွာဘွဲ့ ရရှိခဲ့သည်။
ဓာတ်ပုံ- လူမှုကွန်ရက်