ဧရာဝတီတိုင်းမ်
(မောတောင်)၊ နိုဝင်ဘာ ၁၄ ရက်

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မောတောင်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ယနေ့နိုဝင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

မောတောင်မြို့ကို သုံး ရက်အတွင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ပြည်သူ့စစ်များအပါအဝင်စစ်ကော်မရှင်တပ်သား ၄၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားသည့် စစ်သားအများအပြားရှိကြောင်းလည်း သိရသည်။

“တိုက်ခိုက်ခဲ့တာသာ ၃ ရက်ပဲကြာတာ။ ပြင်ဆင်မှုကတော့ကျွန်တော်တို့ အချိန်များစွာယူပြီးတော့ သေချာပြင်ဆင်ခဲ့တာဖြစ်တယ်။ အတူတူပူးပေါင်း တိုက်ခိုက်ခဲ့ကြတဲ့ တပ်ဖွဲ့တွေအကုန်လုံးကလည်း တက်ညီလက်ညီနဲ့ စနစ်ကောင်းကောင်းနဲ့ဗျူဟာကောင်းကောင်းနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်” ဟု Force for Federal Democracy တပ်ဖွဲ့ ဒုတာဝန်ခံအောင်အောင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

မောတောင်မြို့ကို စစ်ကော်မရှင်က လက်ရှိအချိန်အထိ လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်နေဆဲ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များမှလည်း နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ကိုင် လျက်ရှိ ကြောင်း FFD ထံကသိရသည်။

မြို့သိမ်းတိုက်ပွဲပြီးနောက် စစ်ကော်မရှင်ထံက ၁၂၀-မမ နှစ်လက်၊ ပွိုင့်ဖွိုင့် တစ်လက်၊ ၆၀-မမ သုံး လက်၊ RPG နှစ် လက်၊ ငါးကြင်းမှီးတစ်လက်၊ လက်နက်ငယ် ၂၉ လက်၊ ကျည်တောင့်မျိုးစုံ၊ ဂျန်မာ၊ ခဲယမ်းမျိုးစုံနှင့် စစ်ဘက်ဆိုင်ရာဆက်စပ်ပစ္စည်းအများအပြား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

“အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲကိုဟန်ပြပြုလုပ်ပြီးတော့ ထွက်ပေါက်တစ်ခုရှာဖို့လုပ်နေကြတဲ့ အချိန်ဖြစ်တယ်။ အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်သားတွေနဲ့ ကျွန်တော်တို့တော်လှန်ရေးတပ်တွေကို ထိုးစစ်တွေ များစွာဆင်နေတဲ့အချိန်လည်းဖြစ်တယ်။ ဒီအချိန်မှာ ကျွန်တော်တို့ဖက်က တန်ပြန်တိုက် စစ်အနေနဲ့ ဒီမောတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်တာက ကောင်းမွန်တဲ့အောင်မြင်မှု တစ်ရပ်လို့ ပြောနိုင်ပါတယ်” ဟု ဒုတာဝန်ခံအောင်အောင်က ဆက်လက်ပြောသည်။

 

အဆိုပါမြို့သိမ်းတိုက်ပွဲကို KNU/KNLA ဦးဆောင်မှုနှင့်အတူ KNLA တပ်မဟာ(၄) မှ တပ်ရင်း-၂၀၃၊တပ်ရင်း-၁၁၊KNDO တပ်ရင်း-၇၊ တပ်ရင်း-၁၂၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)၊ Force forFederal Democracy တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – FFD၊ BPLA