ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်

 

ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ် ပိန်းအင်းကျေးရွာအုပ်စုတွင် ကြံခိုင်ရေးပါတီမှ ရွေးကောက်ပွဲ၀င်မည့် လက်ရှိပြည်ထောင်စု ဒု၀န်ကြီးဆိုသူ မဲဆွယ်ဟောပြောပွဲကို တစ်အိမ်တစ်ယောက်တက်ရောက်ရကြောင်း သတင်းရရှိသည်။

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမည့် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနဒု၀န်ကြီး ဦးမြင့်စိုးဆိုသူ၏ မဲဆွယ်စည်းရုံးရေးဟောပြောပွဲကို နို၀င်ဘာ ၁၀ ရက်နေ့ကပြုလုပ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှ ပြည်သူများကို ဖိအားပေးတက်ခိုင်းခဲ့ခြင်းဖြစ်သည်။

“ရာအိမ်မှူးတွေက တစ်အိမ်တစ်ယောက်အနည်းဆုံးတက်ရမယ်၊ မတက်တဲ့အိမ်ပြည်သူ့စစ်ဖွဲ့ရင် ပါရမယ်ဆိုတော့သွားနားထောင်ပေးရတာပဲ”ဟုဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

 

စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်းတစ်ကို လာမည့်ဒီဇင်ဘာလတွင် ပြုလုပ်မည်ဖြစ်ရာ ဧရာဝတီတိုင်းမှ ရှစ်မြို့နယ် ပါဝင်သည်။

 

လက်ရှိ၀န်ကြီးများ၊ စစ်ဗိုလ်ချုပ်များ ပါ၀င်သော ကြံခိုင်ရေးပါတီမှ အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ ဖိအားပေးမဲဆွယ်မှုများရှိနေကြောင်း ဒေသခံများထံကသိရသည်။

ပုံစာ- ဒုဝန်ကြီးဦးမြင့်စိုးကို အခမ်းအနားတစ်ခုတွင်တွေ့ရစဉ်