နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်
အာဏာသိမ်းပြီးနောက် ယာယီသမ္မတရာထူးကို ရယူထားသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းတို့အား ခုခံတော်လှန်မှု ပြင်းထန်လျက်ရှိသော ရှမ်းပြည် (မြောက်ပိုင်း)၊ ကရင်နီ၊ ကရင်နှင့် မန္တလေးဒေသများတွင် စစ်ဆင်ရေးတာဝန်ထမ်းခဲ့သော လက်အောက်ခံ တပ်ဖွဲ့ဝင်များအပါအဝင် စစ်တပ်၏ ဘက်တော်သားအားလုံးကို ဘွဲ့တံဆိပ်များ သိမ်းကြုံးပေးအပ်ခြင်း ဖြင့် စည်းရုံးလျက်ရှိသည်။
ယနေ့ကျရောက်သော အမျိုးသားနေ့တွင် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ခြင်းခံရသူများတွင် စစ်တပ်လက်အောက်ခံ တပ်ဖွဲ့ဝင်များ ၊ စစ်ခေါင်းဆောင်၏ မိသားစုအကျိုးစီးပွားကို လုပ်ကိုင် ပေးနေသည့် ခရိုနီလုပ်ငန်းရှင်ကြီးများ နှင့် ၎င်းတို့ကို ထောက်ခံအားပေးသည့် အနုပညာရှင်များ ပါဝင်ကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် ယာယီသမ္မတအမည်ခံ၍ ယနေ့ နိုဝင်ဘာ ၁၄ ရက်တွင် ကျရောက်သော အမျိုးသားနေ့တွင် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များကို သိမ်းကြုံးပေးနေပြီး နေ့ထူးနေ့မြတ်မှန်သမျှတွင် ယခုကဲ့သို့ ဇွတ်အတင်းပေးနေခြင်းဖြစ်ကြောင်း စစ်ရေးဆိုင်ရာ စောင့်ကြည့်နေသူ CDM ဗိုလ်ကြီးဇင်ယော်က ထောက်ပြသည်။
“သူက နေ့ထူးနေ့မြတ်မှန်သမျှ ဇွတ်ပေးနေတယ်။ တပ်တွင်းအပြင် ရဲနဲ့ ဌာနဆိုင်ရာတွေကို မက်လုံးပေး တဲ့အနေနဲ့ ပေးအပ်တာ။ သူယာယီသမ္မတ လုပ်နေရတုန်းအချိန်မှာ အခုလို ပေါပေါသီသီ ပေးပြီးတော့ စည်းရုံးတာပေါ့” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင် ပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆ်ိပ်များကို ဗိုလ်ချုပ် ၇ ဦး၊ ဗိုလ်မှူးကြီး ၆ ဦးနှင့် ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် တပ်သားအဆင့်အထိ ၅၄ ဦး၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ စသည်တို့ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ခေါင်းဆောင် မိသားစုနှင့် ရင်းနှီးကျွမ်းဝင်ပြီး အကျိုးစီးပွားများ လုပ်ကိုင်ပေးနေသည့် ခရိုနီလုပ်ငန်းရှင်ကြီးများ၊ စစ်တပ်ထောက်ခံ လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာများကိုလည်း လူမှုထူးချွန် တံဆိပ်များ ပေးအပ်ခဲ့ကြောင်း စစ်ကော်မရှင်က ဆိုသည်။
အဆိုပါလူမှုထူးချွန်တံဆိပ် ရရှိခဲ့သည့် ခရိုနီများထဲတွင် Yetagon Energy ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဦးမောင်မောင်နိုင် (SKY ONE)၊ ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် ATOM Myanmar ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်၊ ဦးကျော်မင်းဦး (SKY Aviator)အပြင် UAB Bank ပိုင်ရှင်တို့ ပါဝင်ကြောင်း သိရသည်။
ယင်းအတူ စစ်တပ်ထောက်ခံ လူရွှင်တော်၊ သရုပ်ဆောင်နှင့် ဒါရိုက်တာများဖြစ်သော ဒိန်းဒေါင်၊ ငြိမ်းချမ်း၊ တိမ်ညွန့်၊ ဝေဠုကျော်၊ ခိုင်နှင်းဝေ၊ ထူးခန့်ကျော်၊ တင်မောင်ဆန်းမင်းဝင်း၊ စင်ရော်မောင်မောင်၊ ကျော်ဇော်လင်း(အတွေးပုံရိပ်)၊ ကိုဇော်(အာရုဏ်ဦး)၊ ညိုမင်းလွင်တို့လည်း ရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – MOI
ပုံစာ-၂၀၂၅ မတ် ၂ ရက် (တောင်သူလယ်သမားနေ့) က ဂုဏ်ထူးဆောင်ဘွဲ့ပေးထားသူများကို ဘွဲ့လိုက်ပေးနေသည့် စစ်ခေါင်းဆောင်၊