
စခန်းသိမ်းတိုက်ပွဲပါဝင်တိုက်ခိုက်နေသည့် Cobra စစ်ကြောင်း
ဧရာဝတီတိုင်းမ်
ဇွန်လ ၂၉ ရက်
ကရင်ပြည်နယ်၊မြဝတီခရိုင်၊ဝေါလေမြိုင်ဒေသ စစ်ကောင်စီရဲ့ ဥကရစ်ထ ခြေကုတ်စခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အင်းအားဖြည့်တင်းပြီးတိုက်ခိုက်နေတာကြောင့် ဒီကနေ့မနက်ပိုင်းအထိ တိုက်ပွဲတွေဆက် လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
ဇွန် ၂၆ ရက် မနက်အစောပိုင်းထဲ စတင်တိုက်ခိုက်နေတဲ့အဲ့ဒီစခန်းသိမ်းတိုက်ပွဲဟာ ဒီကနေ့အထိ ၄ ရက်ကြာ ရှိလာတာဖြစ်ပြီး စစ်ကောင်စီဘက်က အကြိမ်ကြိမ်လေကြောင်းပစ်ကူပေးတိုက်ခိုက်နေလို့ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေကာ နှစ်ဖက်ထိခိုက်မှုများပြားနေတယ်လို့ ဆိုပါတယ်။
“ဝေါလေကလက်နက်ကြီးနဲ့အဆက်မပြတ်ပစ်ပြီး အပေါ်ကလည်းလေယာဉ်ပစ်ကူနဲ့ဗုံးတွေ လာကြဲတယ်။သူတို့ဘက်က အတော်လေးအင်အားသုံးလာတာတွေ့ရတယ်။ဒါပေမယ့် ဒီကောင်တွေဘက်ကလဲအတော်လေးအထိနာနေပီးကျဆုံးမှုတွေများတယ်။ကိုယ်ဘက်ကလည်းထိခိုက်မှုတွေရှိသလို ကျဆုံးမှုလဲရှိပါတယ်။စည်း သုံးစည်းကိုဖောက်ပီးဝင်နိုင်ခဲ့တယ်၊ တချို့ ဘန်ကာ တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်။တိုက်ပွဲကတော့ခုလဲပြင်းထန်နေပါတယ်” လို့တိုက်ပွဲဝင် PDF ရဲဘော်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဥကရစ်ထ လေးရက်မြောက်တိုက်ပွဲတွင် စစ်ကောင် စီဘက်က အများအပြားသေဆုံးတယ်လို့ မြေပြင်သတင်းတွေအရသိရှိရကာ KNLA/KNDO/PDF ပူးပေါင်းအဖွဲ့တွေဘက်ကလည်း စတင်တိုက်ခိုက်တဲ့ ဇွန် ၂၆ ရက်နေ့က PDF တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပြီး ထပ်မံထိခိုက်ကျဆုံးတာတွေလည်းရှိတယ်လို့သိရပါတယ်။
KNDO အထူးကွန်မန်ဒိုတပ်ရင်းတွေဘက်ကတော့ တိုက်ပွဲသတင်းအသေးစိတ်ကိုအတည်ပြုထုတ်ပြန်တာမျိုးမရှိသေးသလို စစ်ကောင်စီဘက်ကလည်းထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။