ဧရာဝတီတိုင်းမ်
ဇွန်လ ၂၉ ရက်
အာဏာသိမ်းစစ်ကောင်စီက ကမ်းခြေပတ်လမ်းဖောက် လုပ်ဖို့အတွက် ပုသိမ်- ငွေဆောင်သွားတဲ့ ကားလမ်းမ ဘေးကနေအိမ်တွေကို ကားလမ်းဗဟိုကနေ လမ်းဘေးတစ်ဖက်ကို ၇၅ ပေဖျက်ခိုင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ လမ်းမကြီးရဲ့ ဗဟိုကနေ လမ်းဘေး ၇၅ ပေဖျက်ရမယ့်အထဲမှာ သလပ်ခွာကျေးရွာကနေ ငွေဆောင်မြို့အဝင် လမ်းဘေးအပြင် ဘူးကွဲကျေးရွာဘက်ထိ အိမ်ခြေ ၁၀၀၀ ကျော်ဖျက်ရမှာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သလပ်ခွာက စတယ်။ ငွေဆောင်မြို့ကိုဖြတ်ပြီး ဘူးကွဲအထိ နေအိမ်တွေ ဖျက်ပေးရမှာ။ လျော်ကြေးပေးတာ ညှိနှိုင်းတာမျိုးလည်းမရှိဘူး။ အသနားခံစာ တင်လို့ရတယ်တော့ ကြားတယ်။ ဒါပေမယ့်လည်း ဖျက်ပေးရမှာ”လို့ ဒေသခံတဦးကပြောပါတယ်။ အိမ်တွေကိုယ့်ဘာသာ ဖျက်ရမှာ ဖြစ်ပြီး မဖျက်ရင် ဘူဒိုဇာနဲ့ ထိုးဖျက်မှာဖြစ်ကာ ဘူဒိုဇာငှားခကိုလည်း အိမ်ပိုင်ရှင်တွေက ပေးရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေက ခြိမ်းခြောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ပုသိမ်ကနေ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့အထိ ကမ်းခြေကနေသွားလို့ရအောင် စစ်ကောင်စီက မဟာ ဗျူဟာလမ်းဖောက်လုပ်မယ်ဆိုပြီး ကားလမ်းမဘေးမှာရှိတဲ့နေအိမ်တွေကို ၁ လအတွင်းဖျက်ခိုင်းနေတာ လို့ ဆိုပါတယ်။ ကားလမ်းဘေးမှာရှိတဲ့ လူနေအိမ်တွေကို ဖျက်ဖို့အတွက် ဒေသခံတွေနဲ့ ညှိနှိုင်းတာမျိုးမရှိဘဲ စစ်ကောင်စီ အလို ကျ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို လမ်းဦးစီးဌာနက ဦးစီးမှူး ဒေါ်နီလာမြင့်က ဦးဆောင်ညွှန်ကြား နေတာလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
“မဟာဗျူဟာလမ်းမကြီး ဖောက်မယ်ဆိုပြီး အတင်းလုပ်နေတာ။ ဒေသခံတွေကို ညှိနှိုင်းတာမျိုးလည်း မရှိဘူး။ သူက စစ်ကောင်စီက ခိုင်းတာနည်းနည်း အာဏာပြတာများများလုပ်နေလို့ ဒေသခံတွေက အကူညီတောင်းခံ လာလို့ သတိပေးစာတော့ ထုတ်ထားတယ်”လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
ကားလမ်းဖောက်လုပ်ဖို့အတွက် ဒေသခံတွေကို ညှိနှိုင်းတာမျိုးမလုပ်ဘဲ အတင်းအဓမ္မဖျက်ဖို့ စေခိုင်းနေတဲ့ လမ်းဦးစီးမှူး ဒေါ်နီလာမြင့်ကို ပုသိမ်မြို့ပြပြောက် ကျားတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတာ ရပ်တပ်ဖို့ ပထမဆုံးအကြိမ်သတိပေးထားပြီး မလိုက်နာရင်တော့ သူတာဝန်သာဖြစ်တယ်လို့ ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ သတိပေးစာထုတ်တားမြစ်ခဲ့တယ်လို့ ဆိုပါတယ်။