ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်၊ ညောင်ကျိုးစစ်မျက်နှာပြင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တပ်တို့ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၀ (မော်လိုက်) ၏ လက်အောက်ခံတပ်များသည် ညောင်ကျိုး၊ ညောင်ခြေထောက်နှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ -၁၆ အနီးတိုက်ပွဲတို့တွင် ထိခိုက်၊ သေဆုံး၊ ထွက်ပြေးမှုများရှိနေပြီး အထိနာလျက်ရှိ သတင်းရင်းမြစ်ထံမှ သိရသည်။
“AA က ဖမ်းဆီးရမိတဲ့တပ်တွေထဲမှာ ကလေးနဲ့ ဖောင်းပြင်ကတပ်တွေပါဝင်တယ်။ ပြီးခဲ့တဲ့ ၄ ရက်နေ့ ကလည်း ညောင်ခြေထောက်က လွှတ်လိုက်တဲ့ တပ်တွေ ကစဉ့်ကလျား ထွက်ပြေးကြတယ်လို့ သတင်း ထွက်ထားတော့ AA က ၃၀ ကျော်ကို ဖမ်းမိတယ်ဆိုတာ သတင်းမှန်ပါပဲ။ ညောင်ကျိုး တစ်ဝိုက်နဲ့ ကပစ-၆ အနီးမှာတော့ တိုက်ပွဲပြင်ထန်နေပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခု နိုဝင်ဘာ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နေ့တို့တွင် ညောင်ကျိုးစစ်မျက်နှာပြင်မှ ထွက်ပြေး၍ ဖမ်းဆီးရမိသူ၊ လက်နက်ချအလင်းဝင်သူ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ခန့်ကို AA က ထိန်းသိမ်း ထားကြောင်း နိုဝင် ဘာ ၁၁ ရက်နေ့က ထုတ်ပြန်လာသည်။
စစ်ကော်မရှင်၏ စကခ-၁၀ လက်အောက်ခံ ခမရ ၃၆၁ နှင့် ခမရ ၃၆၃ တပ်ရင်းများမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၆ ဦးကို ကပစ ၁၆ အနီး တိုက်ပွဲများအတွင်းမှ AA က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ညောင်ကျိုးကျေးရွာနှင့် အရှေ့ဘက်မီတာ ၂၅၀၀ အကွာ၌ရှိသည့် လေသာတောင်ပတ်ဝန်းကျင်တွင် လည်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး ခမရ ၃၆၈ တပ်ရင်းတစ်ခုထဲမှ စစ်ကော်မရှင် ၁၀ ဦးကို AA က လက်ရ ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် ပန်းတောင်းမြို့နယ်၊ ကပစ ၁၆ အနီး ရင် ဆိုင်တိုက်ပွဲများအတွင်းမှာလည်း ခမရ ၃၆၃ တပ်ရင်းမှ တပ်ဖွဲ့ဝင် လေး ဦးကို ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။
ထိတွေ့တိုက်ပွဲများမှာ ရခိုင်ရိုးမပေါ်နှင့် ရိုးမအောက် တောင်ကြားလမ်းများတွင် ပြင်းထန်နေခဲ့ပြီး ကပစ ၁၆ ၏ ကာကင်းနေရာ ညောင်ကျိုး-ဆင်လန်ကြား လေသာတောင်ကြော၊ ပွိုင့် ၆၆၆ စခန်းကုန်းအနီး တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပိတ်ဆို့တိုက်ခံနေရသည့် ပွိုင့် ၆၆၆ စခန်းကုန်းသည် ကပစ ၁၆ ၏ အဓိကကာကင်းစခန်းကုန်းဖြစ်ပြီး ၇ မိုင်ကျော် ကွာဝေးကြောင်း သိရသည်။
စစ်ကော်မရှင်တပ်များအနေဖြင့် ဆင်လန်နှင့် ညောင် ခြေထောက်တို့ဘက်မှ အင်အားစုဖွဲ့လာသည့် စစ် ကြောင်းသည် ညောင်ကျိုးဘက်ကို တန်ပြန်တိုက်စစ်ဆင်လာသည့် အနေအထားသို့ရောက်ရှိနေကြောင်း သိရသည်။
လက်ရှိတွင် စကခ ၁၀ (မော်လိုက်)၏ လက်အောက်ခံ တပ်ရင်းများမှ တပ်ဖွဲ့ဝင် ၃၀ ကျော်သည် သုံးရက်အတွင်း ကစဉ့်ကလျားထွက်ပြေးကာ အလံဖြူထောင် လက်နက်ချခဲ့ကြောင်း သိရသည်။