နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်

 

အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့ပြုလုပ်မည့် နိုင်ငံတကာမှ လက်မခံသည့် ရွေးကောက်ပွဲ အပါအဝင်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ကျားဖြန့် (ခ) အွန်လိုင်းငွေဂိုဏ်းကိစ္စအတွက် တာဝန်ယူမှုကို ရှောင်ရှားရန် ကြိုးပမ်းသည့်အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ထိုင်းနိုင်ငံ ကို အပြစ်ပုံချကာ ဝါဒဖြန့်စည်းရုံးခဲ့ကြောင်း သိရသည်။

 

ရန်ကုန်မြို့အခြေစိုက် သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များအား မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ရှင်းပြမည်ဟုဆိုကာ ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်တွင် စစ်ကော်မရှင်က ခေါ်ယူခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာအစိုးရထံ ပြန်တင်ပြပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

 

“နယ်စပ်အခြေပြု လက်နက်ကိုင်အဖွဲ့တွေက ကာစီနို၊ အွန်လိုင်းလောင်းကစား စတာတွေကို နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေနဲ့အတူ ကျူးလွန်ဆောင်ရွက်နေတာတွေကို တိုက်ဖျက်နေပါတယ်” ဟု စစ်ကော်မရှင် ခန့်အပ် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက သံတမန်များကို ထည့်သွင်းပြောသည်။

 

အဆိုပါ ရှင်းပြမှုများတွင် မကြာမီ ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲကိစ္စ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များ၌ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ (EROs) ပါဝင်လာရန် ဖိတ်ခေါ်နေမှု၊ နယ်စပ်ဒေသအခြေပြု နိုင်ငံဖြတ်ကျော်မှုခင်း၊ ကျားဖြန့်ကိစ္စ စသည်တို့ ပါဝင်ကြောင်း သိရသည်။

 

စစ်ကော်မရှင်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာအထိ နှစ်နှစ် ကျော်အတွင်း မြန်မာနယ်စပ်သို့ အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် တရားမဝင်ရောက်ရှိနေသည့် နိုင်ငံပေါင်း ၅၂ နိုင်ငံရှိပြီး နိုင်ငံခြားသား ၆၇၉၈၂ ဦးကို သက်ဆိုင်ရာ နိုင်ငံများထံသို့ ပြန်လွှဲပြောင်းပေးခဲ့ကြောင်း ဆိုသည်။

 

ထို့အပြင် ကရင်ပြည်နယ်၊ မြဝတီမြို့ မဲ့ထော်သလေးရှိ KK Park ကျားဖြန့်နယ်မြေများသို့ ထိုင်းနိုင်ငံ မှတဆင့် တရားမဝင် ဝင်ရောက်သူများသည် ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး အဆောက်အအုံ အတွက် လိုအပ်သည်များကိုလည်း ထိုင်းကုန်သည်များက ထောက်ပံ့ရောင်းချနေကြောင်း ပြောဆိုခဲ့သည်။

 

ယင်းအတူ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးများတွင် EROs အဓိကပါဝင်နေပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေခြင်းကြောင့် အိမ်နီးချင်းနိုင်ငံ များမှ ဝိုင်းဝန်းထိန်းချုပ်ပေးရန်နှင့် အရေးယူပေးရန် စစ်ကာ်မရှင်က လိမ်ညာစည်းရုံးခဲ့သည်။

 

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ KK Park တွင် အဆောက်အအုံ စုစုပေါင်း ၆၂၅ လုံးရှိပြီး ယင်းအနက် မှ ပထမအဆင့် ၁၄၈ လုံး၊ ဒုတိယအဆင့် ၆၂ လုံးနှင့် တတိယအဆင့် ၄၂၅ လုံးတို့ကို ဖြိုချသွားမည်ဟု ဆိုထားသော်လည်း လက်ရှိတွင်မူ အဓိကနေရာများအား ထိန်ချန်လုပ်နေကြောင်း သိရသည်။

 

ဓာတ်ပုံ- MOI