ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ရှိ အွန်လိုင်းလိမ်လည်မှုစင်တာ (ကျားဖြန့်) များကို အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အပါအဝင် အဖွဲ့သုံးဖွဲ့ပူးပေါင်းကာ အထူးတပ်ဖွဲ့ ဖွဲ့စည်းပြီး နှိမ်နင်းမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက နိုဝင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို ( FBI ) ၊ ကိုလံဘီယာခရိုင်ဆိုင်ရာ အမေရိကန်ရှေ့နေချုပ်ရုံး (U.S. Attorney for the District of Columbia) နှင့် အမေရိကန် လုံခြုံရေးတပ်ဖွဲ့ ( USSS) တို့ပူးပေါင်းပြီး လိမ်လည်မှုစင်တာ နှိမ်နင်းရေး အထူးတပ်ဖွဲ့ (Scam Center Strike Force) ဖွဲ့စည်းလိုက်ကြောင်း အမေရိကန်က ကြေညာထားသည်။
အမေရိကန်နိုင်ငံသားများအပေါ် အရှေ့တောင်အာရှရှိ လိမ်လည်မှုစင်တာများ၏ ကြီးမားသော သက်ရောက် မှုများ ရှိနေသည့်အတွက် ယင်းအထူးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ တပ်ဖွဲ့တွင် ကိုယ်စားလှယ်များနှင့် ရှေ့နေများကို စေလွှတ် တာဝန်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအထူးတပ်ဖွဲ့ကို မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို တို့ရှိ လိမ်လည်မှုစင်တာများနှင့် အဖွဲ့ခေါင်းဆောင်များကို စုံစမ်းစစ်ဆေးရန်၊ ကြားဖြတ် တားဆီးရန် နှင့် တရားစွဲဆိုရန် တာဝန်ပေးအပ်ထားကြောင်း သိရသည်။
ထို့ပြင် နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC)၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားအေဂျင်စီများ ပူးပေါင်းပြီး ရရှိနိုင်သည့် နည်းလမ်းအားလုံးကို အသုံးပြု၍ အမြင့်ဆုံးအဆင့်ရှိ လိမ်လည်မှု စင်တာများကို ပိတ်ဆို့အရေးယူမှုများ၊ သိမ်းဆည်းမှုများနှင့် လူပုဂ္ဂိုလ်များကို ပြစ်မှုဆိုင်ရာအရ တရားစွဲဆိုမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်သည်။
လက်ရှိတွင် စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စိုင်းကျော်လှ၊ စောစတီး၊ စောစိန်ဝင်းနှင့် စောဆန်းအောင် ခေါင်းဆောင်လေးဦး တို့ကို ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည်။
မြန်မာနိုင်ငံဘက်၊ KK park တွင် လက်နက်ကိုင်အဖွဲ့ DKBA နှင့် ပူးပေါင်းပြီး လိမ်လည်မှုစင်တာများ ဖွံ့ဖြိုးတိုးတက်ရန်လုပ်ဆောင်သော Trans Asia၊ Troth Star နှင့် ထိုင်းနိုင်ငံသား Chamu Sawang တို့ကိုလည်း ကန်အစိုးရက ဒဏ်ခတ်အရေးယူခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်