ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ ခင်ဦးဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ကျော်ပါ တပ်မ (၃၃) နှင့် လက်အောက်ခံတပ်ကို တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကော်မရှင်တပ်၏ စစ်ကြောင်းစုဖွဲ့မှုပျက်ကာ စစ်ကြောင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံး၍ စစ်သုံ့ပန်း ၁၅ ဦးဖမ်းဆီးရမိကြောင်း သိရသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က ကန့်ဘလူမြို့ နယ်၊ ဝက်တိုးကျေးရွာ စစ်ကော်မရှင်တပ်အထိုင်စခန်းမှ ခင်ဦးမြို့နယ်ဘက်သို့ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး လာသည့် တပ်မ (၃၃) လက်အောက်ခံ ခလရ -၁၁၁ စစ်ကြောင်းကို ကန့်ဘလူမြို့နယ်၊ ယင်းတိုက်ရွာ အနီးတွင် တော်လှန်ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ် ကြောင်း သတင်းရင်း မြစ်ထံမှ သိရသည်။

အဆိုပါတိုက်ပွဲမှာ ၃ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်မှ စစ်ကြောင်းမှူး အပါအဝင် ပြည်သူ့စစ် ၅၀ ဦးသေဆုံးကာ စစ်သုံ့ပန်း ၁၅ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံမှ သိရသည်။

 

“တက်လာတဲ့စစ်ကြောင်းပျက်ပြီး စစ်ကြောင်းမှူးသေတယ်။ အထိုင်စခန်းထဲကို ၂၀ ကျော်လောက်ပဲ ပြန်ဝင်သွားနိုင်တယ်။ အရှင်ဖမ်းမိတဲ့ ကောင်တွေမှာ ဖင်တွေကြီး ကျည်မှန်တာ။ ဖင်တွေကုန်းပြီး ကာသလား မသိဘူး”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

တိုက်ပွဲအတွင်း MA 1 ၂ လက်၊ MA 3 ၂ လက်၊ MA 4 ၁ လက်၊ G3 ၇ လက်၊ MA 6 ၁ လက်၊MA n ၁ လက်၊ ကာဘိုင် ၅ လက်၊ စလေယာ ၁ လက် ၊လေးလက်ဒရုန်း ၁ စင်း၊ ဂျန်ဘာ အကြီး ၁ လုံး၊ ပါဝါစတေရှင် ၁ လုံး၊ လက်ပ်တော့ ၁ လုံး၊ ၄၀ မမ ဗုံး ၁ လုံး၊ အီနာဂါ ၃ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် ကန့်ဘလူခရိုင် ပကဖ၊ ကာဘိုးတိုက်နယ် ပကဖ၊ကျောက် တိုင် ပကဖ၊ ရေဦးမြို့နယ်လက်ရုံး ပကဖ၊ ခင်ဦး ပကဖ၊ PDF ၊ပလဖ စုဖွဲ့တပ်ခွဲတို့ ပါဝင်တိုက်ခိုက်ခဲ့သည်။

 

ကန့်ဘလူခရိုင်၊ ရွှေဘိုခရိုင်များတွင် စစ်ကြောင်းထိုးပြီး အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသော စစ်တပ်စစ်ကြောင်းကို ယမန်နေ့တွင် ကန့်ဘလူခရိုင်ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ ရေဦးမြို့ နယ်ပကဖ ဓူဝံအဖွဲ့၊ရွှေဘိုခရိုင်အမှတ် ၃ တပ်ရင်း-ခင်ဦး၊ အမှတ် ၂၅တပ်ရင်း၊ တန့်ဆည်နှင့် တော်လှန်ရေး အင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အထိနာပြီး စစ်သုံ့ပန်းနှင့်လက်နက် ခဲယမ်းများ သိမ်း ဆည်းရရှိကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ)က သတင်းထုတ် ပြန်ထားသည်။

 

ဓာတ်ပုံ-စစ်ကိုင်း(ပအဖ)