‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၃ ရက်

‎‎ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့တွင် စစ်ကော်မရှင်နှင့် AAပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ နေ့စဉ်နီးပါးထွက်ပြေးလျက်ရှိကြောင်း သိရသည်။

‎လေးမျက်နှာမြို့နယ်၊ စက်စက်ယိုရွာအနီးနှင့် ချင်းလယ်ကျေးရွာအနီးတို့တွင် တိုက်ပွဲများပြင်းထန်နေခဲ့ပြီး စစ်ကော်မရှင်က စစ်ကူအင်အား အမြောက်အမြားပို့ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲထဲက​နေ စစ်သား​တွေ အစုလိုက်ထွက်​ပြေး​နေတာ။ ပြီးခဲ့တဲ့တစ်ပတ်က စစ်သား လေးယောက် လက်နက်​တွေနဲ့ ထွက်​ပြေးလာကြတယ်။ သူတို့က​တောလမ်းက​ပြေးတာ။ လိုက်ရှာသူ​တွေက တစ်လမ်းမို့ လွတ်သွားကြတယ်” ဟု ​လေးမျက်နှာ​ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ​ပြောသည်။

‎ပြီးခဲ့သည့် နိုဝင်ဘာ ၇ရက်နေ့က လေးမျက်နှာမြို့နယ်အတွင်းကို စစ်ကော်မရှင်က Y12၊ ဂျက်ဖိုက်တာများဖြင့် အဆက်မပြတ်ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

‎လေကြောင်းတိုက်ခိုက်မှုမတိုင်ခင် စစ်ကော်မရှင်က လေးမျက်နှာမြို့နယ်ဘက်ကို အင်အားအပြည့်ပါ အမိုးအုပ်စစ်သုံးကားကြီး ဆယ်စီးကျော်ကို ဟင်္သာတဘက်မှနေ၍ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

‎အောက်တိုဘာလ (၃) ရက်နေ့မှ နိုဝင်ဘာလ (၇) ရက်နေ့အတွင်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီး နှင့် လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ ချင်းလယ်ကျေးရွာများအနီး ပတ်ဝန်းကျင်များ၌ ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်မှ ထွက်ပြေးလာပြီး အာရက္ခတပ်တော် AAထံတွင် ဖမ်းဆီးခံရသူ (၂၀) ကျော်နှင့် လက်နက်ချ အလင်းဝင်ရောက်သူ (၂၀) ကျော်အထိရှိခဲ့သည်ဟု AAက နိုဝင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်သည်။

‎စစ်ကော်မရှင်၏ တပ်ဖွဲ့ဝင်များမှာ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀) အစရှိသော တပ်မ (၆၆) လက်အောက်ခံတပ်ရင်းများ နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၆၃) ခလရ (၂၇၁) အစရှိသောတပ်ရင်းများမှ ထွက်ပြေးလာကြသောသူများနှင့် လက်နက်ချ အလင်းဝင်ရောက်လာကြသူများဖြစ်ကြောင်း သိရသည်။

‎အဆိုပါ အလင်းဝင်ရောက်လာသောသူများနှင့် ဖမ်းဆီးရမိသော စစ်ကောင်မရှင် တပ်ဖွဲ့ဝင်များ အားလုံးနီးပါးသည် ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်မရှင်တပ်၏ အတင်းအဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲခြင်းခံရသော စစ်သင်တန်းဆင်းများဖြစ်ကြပြီး အချို့မှာ (၁၈) နှစ် မပြည့်သေးသောသူများ၊ အထက်တန်းပညာရေးတက်နေကြသော ကျောင်းသားများဖြစ်ကြသည်ဟုလည်း AAကဆိုသည်။