ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်
ပန်းတောင်းတပ်နယ်အတွင်းရှိ အမှတ် (၁၆) ကာကွယ် ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ၏ ကာကင်းစခန်းကို စစ်ကော်မရှင်က လက်နက်ကြီးစခန်းအဖြစ် ပြင်ဆင်မွမ်း မံပြီး အာရက္ခတပ်တော် (AA) ၏ တိုက်ခိုက်မှုကို အပြင်းအထန် ခုခံနေရကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ၎င်းတို့ ပြန်လည်သိမ်းယူထားသည့် ပွိုင့် ၆၆၆ စခန်းကို အခိုင်အမာခြေကုပ်ယူ၍ လက်နက်ကြီးစခန်းအဖြစ် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“အပြင်းအထန်ကာကွယ်နေရတဲ့ ၆၆၆ စခန်းကိုလည်း လက်နက်ကြီးတွေထပ်ဖြည့်လာတယ်။ ညောင်ခြေထောက်ဘက်က စစ်ကြောင်းကလည်း လက်နက်ကြီးပစ်ကူယူပြီး ရှေ့တိုးလာတယ်။ တောင်ကုတ်တောင် ကြားလမ်းအနောက်ပိုင်းကို ဦးတည်နေတဲ့ စစ်ကြောင်း ရှေ့ဆက်တက် လာနေတယ်”ဟု တပ်သတင်းများဖော်ထုတ်ကာ စစ်ရေးသုံးသပ်ချက်များကို ဖော်ပြပေးနေသည့် CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA ၏ ပိတ်ဆို့တိုက်ခိုက်ခြင်းခံနေရသည့် စခန်းကုန်းမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ သေဆုံးမှုများနေပြီး ဗိုလ်ကြီးအဆင့် စစ်အရာရှိတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိထားပြီး စိုးရိမ်ရသည့်အခြေအနေရှိနေ ကြောင်း သိရသည်။
ညောင်ခြေထောက်နှင့် ဆင်လန်အကြား လှုပ်ရှားချီတက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းများ လက် နက်ကြီးပစ်ကူများယူ၍ ရှေ့တိုးလာကြောင်း သိရသည်။
ပန်းတောင်းစစ်မျက်နှာပြင်တွင် စစ်ကော်မရှင်တပ်မှာ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများနှင့် ထွက်ပြေးသူများ ကြောင့် အင်အားပြုန်းတီးနေသော်လည်း နောက်တန်းမှနေ၍ ထိုးစစ်ဆင်မှု မပြတ်လပ်စေရန် အင်အားဖြည့် စစ်ကူပို့နေသည်ကို တွေ့ရသည်။
ဥသျှစ်ပစ်လမ်းမှနေ၍ အင်အားဖြည့်နေရာမှ ၂၇ မိုင်လမ်းပိုင်းကို အသုံးပြု၍ စစ်အင်အား ဖြည့်တင်းမှုများကို ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။
စစ်ကော်မရှင်သည် ပန်းတောင်း-တောင်ကုတ်လမ်းကြောကို နယ်မြေစိုးမိုးမှုရယူနိုင်ရန် စီစဉ်နေ သော်လည်း ညောင်ကျိုး၊ လေသာတောင်ကြောကို မတက်နိုင်ဘဲ AA ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် တပ်ဆုတ်နေရပြီး ကပစ ၁၆ ကာကင်းကိုပါ စစ်ကော်မရှင်က အပြင်းအထန် ကာကွယ်နေရကြောင်း သိရသည်။
ရခိုင်-ဧရာဝတီအစပ်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ပဲခူးအစပ် တိုက်ပွဲများသို့ ပို့ဆောင်ခံထားရသည့် စကခ ၁၀၊ ၁၇ နှင့် ရန်ကုန်ရှိ အခြေစိုက်တပ်ရင်းများမှ စစ်ကော် မရှင်တပ်ဖွဲ့ဝင်များမှာ ဆိုင်ရာနယ်မြေများတွင် အပြင်းအထန်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများလျက်ရှိသည်။
ကပစ ၆ နှင့် ကပစ ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံနှစ်ခုကို ကာကွယ်ရန်အတွက် စစ်ကော်မရှင်က စစ်အင် ဂျင်နီယာတပ်ရင်းများကိုပါ ထုတ်နုတ်အသုံးပြုရသည့်အခြေအနေထိ ရောက်ရှိနေကြောင်း သိရသည်။
ပန်းတောင်းတပ်နယ်အတွင်း တိုက်ပွဲများမှ ထိခိုက်သေဆုံးလာသည့် စစ်ကော်မရှင်တပ်များကို ပြည်နှင့် ရန်ကုန်သို့ ပြန်လည်သယ်ယူရန်အတွက် အရပ်သုံး လူမှုကူညီရေးကားများကို အသြံးပြုခဲ့ရာ သေဆုံး စာရင်းပေါက်ကြားသည့်အတွက် အမိုးအုပ်စစ်သုံးကားကြီးများဖြင့် သေဆုံးသူများကို တိတ်တဆိတ် ပြန်လည်သယ်ယူနေရသည်အထိ ပဲခူးအနောက်ခြမ်း တိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှာ အထိနာလျက်ရှိ သည်။
ဓာတ်ပုံ-AA Info Desk