ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၂ရက်

ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းရွာကို စစ်ကော်မရှင်တပ်များ ဝင်ရောက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စစ်တပ်လော်ဘီများက တယ်လီဂရမ်ချန်နယ်များတွင် ဝါဒဖြန့်ဖော်ပြလာကြောင်း သိရသည်။

သိုင်းချောင်းရွာနှင့် သိုင်းချောင်းဆည်ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်လိုက်ကြောင်း နိုဝင်ဘာ ၁၀ရက်နေ့က စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များက ဓာတ်ပုံများဖြင့် ဖော်ပြလာခြင်းဖြစ်သည်။

“ဓာတ်ပုံတွေနဲ့ သိုင်းချောင်းကို သိမ်းပြီးကြောင်း အောင်ပွဲခံနေတာတွေ့ရပါတယ်။ ရေတပ်သင်္ဘောတွေကတော့ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေလို့ ရွာ ၁၀ရွာလောက်ပြောင်းပြေးနေရတယ်” ဟု ကျောက်ဖြူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

သိုင်းချောင်းရွာနှင့် သိုင်းချောင်းတောင်ကို စစ်ကော်မရှင်က အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေခဲ့ခြင်းဖြစ်ပြီး စစ်ကြောင်းလိုက်ပြုတ်ကာ တပ်ဆုတ်ခဲ့ရပြီးနောက် စစ်ကြောင်းများခွဲကာ စစ်ကြောင်း ထပ်တိုးလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်က သိုင်းချောင်းရွာကို စစ်ကူတက်လာသည့် စစ်ကော်မရှင် စစ်ကြောင်း နှင့် AA တို့ ထိပ်တိုက်တွေ့ပြီး အလောင်းကောက်ယူနိုင်ခြင်းပင်မရှိဘဲ ထွက်ပြေးခဲ့ကြရကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာ ၃၁ရက်နေ့ကလည်း သိုင်းချောင်းကျေးရွာကို တက်လာသည့် စစ်ကော်မရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရကာ ဇိုင်ချောင်းအနီးတွင် တိုက်ပွဲဖြစ်၍ စစ်ကြောင်းလိုက်ပြုတ်သွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အမှတ် ၃၂ ရဲတပ်ရင်းနှင့် ဓညဝတီရေတပ်ဌာနချုပ်တို့ကို တိုက်ခိုက်နိုင်ရန် သိုင်းချောင်းတောင်သည် စစ်ရေးအရအရေးပါသည့်အတွက် စစ်ကော်မရှင်က သိုင်းချောင်းရွာကို စိုးမိုးထိန်းချုပ်ရန် အသေခံ စစ်ကြောင်းထိုးတက်နေကြခြင်းဖြစ်သည်။