နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်
ကရင်ပြည်နယ်၊ မြန်မာ – ထိုင်းနယ်စပ်ရှိ ကျားဖြန့် (ခ) အွန်လိုင်းငွေဂိုဏ်းများနှင့် အဓိကပတ်သက်နေသည့် အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့လုပ်ရပ်ကို ဖုံးကွယ်၍ ကရင်အမျိုးသားအစည်းအရုံး (KNU)အပြင် ထိုင်းနိုင်ငံကိုပါ အပြစ်တင်လွှဲချလာကြောင်း သိရသည်။
စစ်ကော်မရှင်သည် မကြာသေးမီက မြဝတီ- မဲ့ထော်သ လေးရှိ ကျားဖြန့်ဂိုဏ်း KK Park နယ်မြေကို ဝင်ရောက်ကာ အဆောက်အအုံများ ဖြိုချဖျက်ဆီး ရှင်းလင်းပြခဲ့ပြီး ထိုင်းနိုင်ငံကြောင့် ယခုကိစ္စ ဖြစ်ပေါ်လာရကြောင်း စွပ်စွဲပြောဆို ထုတ်ပြန်လျက်ရှိသည်။
“အဆောက်အအုံအတွက် လိုအပ်တဲ့ မီးစက်၊ အင်တာနက် Starlink စက်၊ လူသုံးကုန်ပစ္စည်း စတာတွေကို ထိုင်းကုန်သည်တွေက တရားမဝင်လမ်းကြောင်းကနေ ထောက်ပံ့တာနဲ့ ရောင်းချတာတွေ ပြုလုပ်နေပါတယ်” ဟု စစ်ကော်မရှင်က ၎င်းတို့၏ ဝါဒဖြန့်သတင်းစာမှတစ်ဆင့် ဆိုထားသည်။

ယင်းအပြင် KK Park နယ်မြေရှိ အွန်လိုင်းလောင်းကစား လိမ်လည်မှုနှင့် ဒုစရိုက်မှုများ ကျူးလွန်သူများသည် ထိုင်းနိုင်ငံမှ တစ်ဆင့်ခံ၍ နယ်စပ်ဖြတ်ကျော် ရောက်ရှိလာခြင်းဖြစ်ကာ ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး ၎င်းတို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဖော်ပြထားသည်။
အဆိုပါဖမ်းဆီး ဖြိုချဖျက်ဆီးမှုများသည် Starlink သုံး၍ ငွေလိမ်ဂိုဏ်းပြန်ကြီးထွားလာမှုအပေါ် တရုတ်အစိုးရအပြင် အမေရိကန်ကွန်ဂရက်ကပါ စုံစမ်းစစ်ဆေးသွားမည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ရက်စိပ်စိပ် လုပ်လာခြင်းလည်းဖြစ်သည်။
ထို့အပြင် ထိုင်းအစိုးရက ဖမ်းဆီးထားသည့် နိုင်ငံတကာ ရာဇဝတ်တရားခံဖြစ်သူ ရွှေက္ကိုလ်ကျားဖြန့်ခေါင်းဆောင် ရှင်ကျီးကျန့် (She Zhijiang) ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမည့် ကိစ္စသည်လည်း စစ်ကောင်စီအတွက် အကျပ်ရိုက်စေကြောင်း လေ့လာသူတို့က ထောက်ပြသည်။

ယင်းအခြေအနေများကြောင့် တရုတ်အစိုးရ၏ တုံ့ပြန်လာမှုကို စိုးရိမ်ကြောက်လန့်၍ ၎င်းတို့အတွက် အရေးမပါသော ပြည်ပနိုင်ငံသားများနှင့်အဆောက်အအုံများအား အယောင်ပြ လုပ်ပြနေခြင်းမျိုးဖြစ်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
စစ်ကော်မရှင်ကမူ ကျားဖြန့်ဂိုဏ်း KK Park နယ်မြေကို ၎င်းတို့အနေဖြင့် တရားဝင် ခွင့်ပြုပေးထားခြင်း မရှိသလို KNU ခေါင်းဆောင်များမှ ပါဝင်ပတ်သက်ကာ ငွေကြေးရယူ၍ လုပ်ကိုင်နေခြင်းဖြစ်ပြီး လက်ရှိတွင် ဇုန်သုံးဇုန် ရှိနေကြောင်း စွပ်စွဲပြောဆိုထားသည်။
သို့သော် လက်ရှိတွင် KK Park အပါအဝင် နယ်စပ်ဒေသ ကျားဖြန့်ဂိုဏ်းများကို စစ်ကော်မရှင်နှင့် ၎င်းလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)တို့က တရုတ်နိုင်ငံသားများနှင့်အတူ ပူးပေါင်းလုပ်ကိုင်နေပြီး နိုင်ငံအသီသီးအား လိမ်လည်နေကြောင်း သိရသည်။
ဓာတ်ပုံ – MOI