ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်
ထိုင်းနိုင်ငံသည် တရားမဝင် အွန်လိုင်းကာစီနို ၂၀၀ ကျော်မှ ဘတ်ငွေ ၁၂.၆ ထရီလီယံ တန်ဖိုးရှိသည့် လုပ်ငန်းများ လုပ်ကိုင်မှုဖြင့် စွပ်စွဲခံထားရသော တရုတ်-ကမ္ဘောဒီးယား သူဌေးကြီး ရှီကျီကျန်း (She Zhijiang) ကို တရုတ်ရဲတပ်ဖွဲ့ထံ ယနေ့ ဗုဒ္ဓဟူးနေ့တွင် လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။
ရှီကျီကျန်းကို ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)က ဘန်ကောက် ထိန်းသိမ်းရေးထောင်မှ ခေါ်ယူကာ သုဝဏ္ဏဘူမိ ရဲစခန်း သို့ ပို့ဆောင်ပြီးနောက် တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့သည် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ကိုင်သည်ဟု စွပ်စွဲချက်ဖြင့် အင်တာပိုလ်မှ ဖမ်းဝရမ်း ထုတ်ပြန်ထားသော ရှီကျီကျန်းကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ဖမ်းဆီးခဲ့သည်။

ရှီကျီကျန်းသည် အွန်လိုင်းကာစီနို ၂၃၉ ခုကျော် တည်ထောင်စီမံခန့်ခွဲခဲ့ကြောင်း စွပ်စွဲခံထားရပြီး စုစုပေါင်း ငွေကြေးစီးဆင်းမှုမှာ ယွမ် ၂.၇၇ ထရီလီယံ (ခန့်မှန်းခြေ ဘတ်ငွေ ၁၂.၆ ထရီလီယံ) ကျော်ရှိခဲ့ကြောင်း သိရသည်။
တရုတ်သို့ လွှဲပြောင်းပြီးနောက် တရားမဝင် ကာစီနို၊ လောင်းကစားဝက်ဘ်ဆိုက်များ ဖွင့်လှစ်ခြင်း၊ မြန်မာနိုင်ငံကို အခြေပြုပြီး ထိုလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် ငွေကြေးခဝါချမှုများဖြင့် တရားစွဲဆိုမည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ရှီကျီကျန်း၏ ရှေ့နေအဖွဲ့က အယူခံဝင်ခဲ့သော်လည်း ထိုင်းရာဇဝတ်ရုံးက ၂၀၂၄ ခုနှစ် မေလတွင် ၎င်းအား လွှဲပြောင်းပေးရန် အမိန့်ချမှတ်ခဲ့ပြီး နောက်ထပ်တရားရုံးတစ်ခုက ပြီးခဲ့သည့် တနင်္လာနေ့တွင် ယင်းဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။
ဖမ်းဆီးခံရချိန်က ရှီသည် ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေကုက္ကို ဟုခေါ်သော အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုးရှိ ကာစီနိုလုပ်ငန်းစုကို ဦးဆောင်ခဲ့သူ ဖြစ်ပြီး၊ Asia Pacific New City စီမံကိန်းကို ဖော်ဆောင်ရာတွင်လည်း ပါဝင်ခဲ့သည်။
ဘန်ကောက်ရှိ တရုတ်သံရုံးမှ အကြံပေးပုဂ္ဂိုလ်က ယခုလွှဲပြောင်းပေးအပ်မှုသည် နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မားမှုကို ပြသကြောင်း ပြောကြားခဲ့ပြီး အွန်လိုင်းရာဇဝတ်မှုများကို ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်သွားမည်ဟု ဆိုသည်။
ရှီကျီကျန်း၏ ရှေ့နေက လွှဲပြောင်းသည့် လုပ်ငန်းစဉ်ကို “ပုံမှန်မဟုတ်” ဟု ပြောကြားခဲ့ပြီး ရှီကျီကျန်းကမူ မည်သည့် ပြစ်မှုမှ ကျူးလွန်ထားခြင်းမရှိကြောင်း ဆက်လက်ငြင်းဆိုထားသည်။
ကိုးကား: The Nation Thailand