ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကော်မရှင်လက်အောက်မှ အနုပညာရှင်များကို boycott (သပိတ်မှောက်) ခြင်း အရှိန်မြင့်လာချိန်တွင် စစ်ကော်မရှင်က နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျခံရဖူး သည့် အနုပညာရှင်များဖြင့် ရိုက်ကူးထားသည့် ရွေးကောက်ပွဲ ဝါဒဖြန့်ရုပ်သံများကိုပါ ထုတ်လွှင့် လျက်ရှိသည်။
စစ်ကော်မရှင်သည် ၎င်းတို့အာဏာသိမ်းသည်ကို ဆန့်ကျင်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှုကဲ့သို့ ပုဒ်မများဖြင့် ထောင်ချခဲ့သည့် အနုပညာရှင်များကိုပါ ရွေးကောက်ပွဲတွင် ပါဝင်သင့်ကြောင်းဝါဒဖြန့် ရုပ်သံများတွင် ရိုက်ကူးစေခြင်းဖြင့် ပြည်သူလူထုကြားတွင် အားကောင်းနေသည့် သပိတ်မှောက်ခြင်း လုပ်ငန်းစဉ်များကို နှောင့်နှေးစေရန် လုပ်ဆောင်လာသည်။

ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ညပိုင်းကထုတ်လွှင့်ခဲ့သည့် ရွေးကောက်ပွဲ အတုအတွက် ဝါဒဖြန့် ရုပ်သံတွင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ သင်ဇာဝင့်ကျော်၊ ဖွေးဖွေး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည်၊ သဲစုငြိမ်း၊ ယွန်းဝဒီလွင်မိုး၊ ရွှေမှုံရတီ၊ ထွန်းအိန္ဒြာဗိုလ်၊ ခိုင်သင်းကြည်၊ အလင်းရောင်၊ ထွန်းထွန်း၊ အောင်ရဲလင်း စသည့် နာမည်ကျော်အနုပညာရှင်များအပါအဝင် မင်းသား၊ မင်းသမီးအများအပြား ပါဝင်ခဲ့ပြီး ရွေးကောင်ပွဲကို မဲပေးရန်ပြောဆိုခဲ့ကြသည်။
“ဒီအပေါ်မှာပြောရရင် စစ်တပ်ဖိအားပေးလို့ ရိုက်ရတယ်ဆိုတဲ့ ကိစ္စကို အရင်ပြောရမယ်ပေါ့။ စစ်တပ်က ဖမ်းမှာဆီးမှာမို့လို့ ရိုက်ရတယ်ဆိုတဲ့ ပုံစံဖြစ်အောင် စစ်တပ်ကပဲ ဖန်တီးထားတယ်ဆိုတာ မြင်ကြဖို့ လိုတယ်။ စစ်တပ်က ဖိအားမပေးပဲ ရိုက်ချင်လို့ကို ၀င်ရိုက်ပေးတဲ့ သူတွေလဲ ရှိနေမှာပဲ။ ဆိုတော့ BC (သပိတ်မှောက်) စရာရှိတာ ဆက်ပြီး BC ဆက်လုပ်မယ်။ ဘယ်သူဘယ်ဝါက ဘယ်လို ရပ်တည်ချက် ဆိုတာ အချိန်တန်ရင် အဖြေထွက်လာကြမှာပဲဗျာ” ဟု Boycottကိစ္စရပ်များကို တစိုက် မတ်မတ် တိုက်တွန်းနေသည့် FNCC ( Burma Fact Check Community ) အဖွဲ့က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင် လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအေးကြွယ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့က နိုင်ငံရေး အကျဉ်းသားဟောင်း အနုပညာရှင်များကိုပါ ခေါ်ယူ၍ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဝါဒဖြန့်ကမ်ပိန်း ဗီဒီယိုရိုက်ကူးရန် ခြိမ်းခြောက် ညွှန်ကြားခဲ့သည်။
လက်ရှိတွင် စစ်ကော်မရှင်၏ယခုကဲ့သို့ ဖိအားပေးခြိမ်းခြောက်ရိုက်ကူးခိုင်းမှုကြောင့် အများပြည်သူများ အကြား Boycott (သပိတ်မှောက်)ခြင်းနှင့် Social Punishment(လူမှုရေးပြစ်ဒဏ်) ပြုလုပ်ခြင်း တို့အတွက် ဝေဝါးမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“လူထုနဲ့တကယ်ရပ်တည်ခဲ့ကြသူတွေက အချိန်တန်ရင် သမိုင်းထဲမှာ ပြန်ရှင်းလို့ရတာပဲလေဗျာ။ စစ်အုပ်စု အုပ်ချုပ်မှုအောက်မှာနေရင် စစ်အုပ်စုကို ကြောက်နေရမှာပဲ။ ဒါတွေဖြစ်လာမှာပဲဆိုတာ အနုပညာရှင်တွေကိုယ်တိုင်က ကောင်းကောင်းသိပြီးသားပါ။ လောလောဆယ်တော့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ကြေညာပေးတာ ဖြစ်တဲ့အတွက် ကြေညာပေးတဲ့ သူတိုင်းကတော့ Social Punishment စာရင်း၀င်သွားမယ်” Fncc အဖွဲ့မှ ဆက်လက်ပြောသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း အောင်လ၊ ဟန်နေတာ၊ နီနီခင်ဇော်၊ ရဲရင့်အောင်၊ ဖိုးကာ၊ ချမ်းမြေ့မောင်ချို၊ မေလသံစဉ်၊ အောင်ထက်၊ ဖြိုးမြတ်အောင်၊ အေးမြဖြူ၊ လိမ္မော်သီး စသည့် အဆိုတော်များပါဝင်သည့် ရွေးကောက်ပွဲဝါဒဖြန့် ရုပ်သံကို ထုတ်လွှင်ခဲ့သေးသည်။
သရုပ်ဆောင်နေတိုး၊ နေဝင်း၊ မြင့်မြတ်၊ အေးချမ်းမောင်၊ ခြူးလေး၊ မေမြင့်မိုရ် တို့ပါဝင်သည့် စစ်ကော်မရှင်၏”ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” အမည်ရ ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်လမ်းကြောင့် ပြည်သူများအကြား Boycott ပြုလုပ်ခြင်းများ အရှိန်မြင့်တက်ခဲ့ပြီး အနုပညာရှင် အများအပြားအထိနာခဲ့ရကာ မြန်မာနိုင်သား အများအပြားရှိနေသည့် ထိုင်းနိုင်ငံအတွင်းတွင်ပင် ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သည့် အနုပညာလုပ်ငန်းအများအပြား ရပ်တန့်ခဲ့ရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်