ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်
စစ်တပ်မြို့တော်ပြင်ဦးလွင်မြို့လယ်ခေါင်ရှိ အောင်စံပယ်ရွှေဆိုင်ဓားပြတိုက်ခံရမှုတွင် လုံခြုံရေးဝန်ထမ်း အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကို ရေတွက်နေဆဲဖြစ်ကြောင်း ရွှေဆိုင်မှစုံစမ်းသိရသည်။
ယနေ့မနက်ပိုင်း ကိုးနာရီခန့်တွင် မန္တလေး – လာရှိုးပြည်ထောင်စုလမ်းမကြီး၊ ကမ္ဘောဇဘဏ်ခွဲ အမှတ် (၂)၊ နာရီစင်အနီးရှိ အောင်စံပယ်ရွှေဆိုင်ကို အမျိုးသားဓားပြနှစ်ဦးဝင်ရောက်တိုက်ခိုက်ရာတွင် အမျိုးသမီးတစ်ဦးထိခိုက်ကာ လုံခြုံရေးအမျိုးသားတစ်ဦးသေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

လက်ရှိတွင်လုယက်ခံရသည့် ကျောက်မျက်ရတနာ၊ ရွှေထည်၊ လက်ဝတ်လက်စားများကိုရေတွက်နေကာ ဆုံးရှုံးမှုတန်ဖိုးရေတွက်နေဆဲဖြစ်ကြောင်း ရွှေဆိုင်မှစုံစမ်းသိရသည်။
“မြို့လယ်ခေါင်ကြီးမှာတောင် ဓားပြတိုက်ရဲနေတာ။ အတော်ကြောက်ဖို့ကောင်းနေပြီ။ ဆိုင်တွေအကုန်လုံးက ညနေ ခြောက်နာရီလောက်ဆိုပိတ်နေကျပဲ။ အခုဆိုမနက်ပိုင်းတောင်စိတ်မချရတော့ဘူး” ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောကြားသည်။

ဓားပြတိုက်မှုတွင်ပါဝင်သူနှစ်ဦးသည် နံပါတ်မပါသည့်ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာ၍ ဆိုင်အတွင်း ဝင်ရောက်လုယက်ပြီး သေနတ်နှင့်ပစ်သဖြင့် လုံခြုံရေးဝန်ထမ်းထိမှန်ကာသေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါသေနတ်ဖြင့်ပစ်သူအမျိုးသားကိုဖမ်းဆီးရမိပြီး ကျန်တစ်ဦးမှာထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းထာသည့်ကာလများတွင် ရန်ကုန်မြို့ကြီးအပါအဝင် မြို့ကြီးများ၊ နယ်မြို့များတွင် ခိုးဆိုးလုယက်သူ၊ ဓားမြတိုက်မှု၊ ပစ္စည်းလုယက်မှုနှင့် ပြန်ပေးဆွဲမှုများ ပိုမိုများပြားလာပြီး တရားဥပဒေအရအပြစ်ပေးဖမ်းဆီးနိုင်ခြင်းမရှိကြောင်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်