‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၂ရက်

အာရက္ခတပ်တော် (‎AA) နှင့် စစ်ကော်မရှင်တို့၏ ရခိုင်- ပဲခူးအစပ်၊ ရခိုင်- မကွေးအစပ်၊ ရခိုင်- ဧရာဝတီအစပ်တိုက်ပွဲများတွင် စစ်ကော်မရှင်ဘက်မှ ထွက်ပြေး၍ ဖမ်းဆီးခံရသူ၊ လက်နက်ချသူ ၇၀ကျော်ရှိလာကြောင်း သိရသည်။

‎ပန်းတောင်းတပ်နယ်တိုက်ပွဲများမှ ထွက်ပြေးသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ၊ လက်နက်ချ အညံ့ခံ လာသူတပ်ဖွဲ့ဝင်များ ၃၀ ကျော်ရှိပြီး ဧရာဝတီတိုင်းအတွင်းမှ ဖမ်းဆီးရမိသူနှင့် လက်နက်ချသူ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အယောက် ၄၀ရှိကာ နတ်ရေကန်တိုက်ပွဲမှ လက်နက်ချလာသူ တပ်ကြပ် တစ်ဦးတို့ရှိကြောင်း ယမန်နေ့ နိုဝင်ဘာ ၁၁ရက်နေ့ ညပိုင်းတွင် AAက ထုတ်ပြန်သည်။

‎ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်၊ ၉ရက်၊ ၁၀ရက်များအတွင်း ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁၆ အနီးတိုက်ပွဲများအတွင်းမှ စစ်ကော်မရှင်၏ စစ်ဆင်ကံပ်ကဲမှုဌာနချုပ် စကခ(၁၀) လက်အောက်ခံ ခမရ-၃၆၁ နှင့် ခမရ ၃၆၃ တပ်ရင်းများမှ အလံဖြူထောင်၊ တပ်ပြေး၊ လက်ရဖမ်းဆီးရမိသူ စုစုပေါင်း ၁၆ ဦးအထိ ရှိကြောင်း သိရသည်။

‎ထို့အပြင် အခြားသော စစ်မြေပြင်တစ်ခုဖြစ်သည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာ၏ အရှေ့ဘက် မီတာ ၂၅၀၀ (တစ်မိုင်ခွဲ) အကွာ၌ရှိသော လေလာတောင် ပတ်ဝန်းကျင်အနီး တိုက်ပွဲများမှလည်း နိုဝင်ဘာလ ၈ရက်၊ ၉ရက်နေ့များအတွင်း စစ်ကော်မရှင်၏ စကခ (၁၀) လက်အောက်ခံ ခမရ -၃၆၈ တပ်ရင်းတစ်ခုတည်းမှ အလံဖြူထောင်၊ တပ်ပြေး၊ လက်ရဖမ်းဆီးရမိသူ စုစုပေါင်း ၁၀ ဦးရှိခဲ့သည်ဟု AAကထုတ်ပြန်သည်။

 

‎နိုဝင်ဘာလ ၉ရက်နေ့တွင်လည်း ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ကပစ -၁၆ အနီး ရင်ဆိုင်တိုက်ပွဲများအတွင်း စစ်ကော်မရှင်၏ စကခ (၁၀) လက်အောက်ခံ ခမရ-၃၆၃ တပ်ရင်းမှ စကမ တပ်ဖွဲ့ဝင် လေး ဦးတို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

‎နိုဝင်ဘာလ ၈ရက်နေ့၊ နံနက် ၇ နာရီ ၃၅ မိနစ်တွင် နတ်ရေကန်ဗျူဟာကုန်း မှ စစ်ကော်မရှင်တပ် ၊ အမှတ် (၉) စစ်မြေပြင်ဆေးတပ်ရင်း၊ ခိုလန် အခြေစိုက်တပ်မှ ဒု-တပ်ကြပ် မျိုးမင်းထွန်းသည် AA ထံ အလင်းဝင်ရောက်လာခဲ့သည်။ လက်ရှိအချိန်တွင် စကခ (၁၇)/မိုင်းပန်၏ ကွပ်ကဲမှုအောက်တွင်ရှိသော အဆိုပါတပ်ရင်းသည် နတ်ရေကန်ဗျူဟာကုန်းတွင် AA ၏ ဝန်းရံပိတ်ဆိုမှုကို ခံထားရသော တပ်ရင်းတစ်ခုဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

‎အောက်တိုဘာလ (၃) ရက်နေ့မှ နိုဝင်ဘာလ (၇) ရက်နေ့အတွင်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီး နှင့် လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ ချင်းလယ်ကျေးရွာများအနီး ပတ်ဝန်းကျင်များ၌ ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်မှ ထွက်ပြေးလာပြီး အာရက္ခတပ်တော် AAထံတွင် ဖမ်းဆီးခံရသူ (၂၀) ကျော်နှင့် လက်နက်ချ အလင်းဝင်ရောက်သူ (၂၀) ကျော်အထိရှိခဲ့သည်။

‎စစ်ကော်မရှင်၏ တပ်ဖွဲ့ဝင်များမှာ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀) အစရှိသော တပ်မ (၆၆) လက်အောက်ခံတပ်ရင်းများ နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၆၃) အိမ်မဲ၊ ခလရ (၂၇၁) ပုသိမ် အစရှိသောတပ်ရင်းများမှ ထွက်ပြေးလာကြသောသူများနှင့် လက်နက်ချ အလင်းဝင်ရောက် လာကြသူများဖြစ်‌ကြောင်း သိရသည်။

‎အဆိုပါ အလင်းဝင်ရောက်လာသောသူများနှင့် ဖမ်းဆီးရမိသော စစ်ကောင်မရှင် တပ်ဖွဲ့ဝင်များ အားလုံးနီးပါးသည် ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်မရှင်တပ်၏ အတင်းအဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲခြင်းခံရသော စစ်သင်တန်းဆင်းများဖြစ်ကြပြီး အချို့မှာ ၁၈ နှစ် မပြည့်သေးသောသူများ၊ အထက်တန်းတက်နေကြသော ကျောင်းသားများဖြစ်ကြောင်း AA က ဆိုသည်။

‎အာရက္ခတပ်တော် (AA) အနေဖြင့် လက်နက်ချ အလင်းဝင်ရောက်လာသောသူများကို စစ်သုံ့ပန်း ဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဓာတ်ပုံ-AA Info Desk