ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်

 

ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် သင်တန်းပေးပြီး ခေါ်ဆောင်လာသည့် သင်တန်းသားသစ်များကို ရာထူး အဆင့် များတိုးပေးကာ ၅ နှစ်ပြည့်အောင် စစ်မှုထမ်းရန် စစ်ကော်မရှင်က စည်းရုံးနေကြောင်း သိရသည်။

 

စစ်မှုထမ်းအမှတ်စဉ် (၁) သင်တန်းသားသစ်များကို မန္တလေးနန်းတွင်းရှိ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်း ထပရ-၁၂၁ တွင် ရာထူးအဆင့်များတိုးပေးပြီး ရေရှည်စစ်မှုထမ်းခိုင်းရန် စစ်ကော်မရှင်က ကြိုးပမ်းနေခြင်းဖြစ်သည်။

 

“သင်တန်းသားသစ်တွေကို အရစ်တွေတပ်ပေးထားတော့ စစ်မတိုက်ဘဲ တပ်ထဲမှာ ရာထူး မြန်မြန်ရမယ်လို့ ထင်အောင် စည်းရုံးရေးဆင်းထားတယ်။ စစ်တပ်အင် အားပြည့်ဖို့ တပ်အရာရှိတွေက နည်းမျိုးစုံသုံး စည်းရုံးတာတွေ လုပ်လာတယ်။ ရာထူးအစဉ်လိုက် ရရှိရေးဆိုတာ တပ်ကတရားဝင် ထုတ်ပြန်ပြီးသားပါ။ သင်တန်း သားသစ်တွေကို မက်လုံးပေးအဆင့်နဲ့ တပ်ထဲကို ခေါ်သွင်းနေခြင်း ဖြစ်ပါတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထောက်ပို့တပ်အတွင်း တာဝန်ထမ်းဆောင်ရမည်ဖြစ်သော‌ကြောင့် စစ်မတိုက်ရဘူးဆိုသည့် အကြောင်း ပြချက်ဖြင့် စစ်မှုထမ်းတပ်သားသစ်များကို ရေရှည်စစ်မှုထမ်းရန် စစ်ကော်မရှင်က စည်းရုံး နေသော်လည်း လက်ရှိ အခြေအနေနှင့် ကွဲပြားလျက်ရှိသည်။

 

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမိန့်ဖြင့် ပြဋ္ဌာန်းလာသည့် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို ဖိအားပေးခေါ်ဆောင်၍ စစ်မှုထမ်းသင်တန်း ပေးခဲ့ရာ ယခုဆိုလျှင် အမှတ်စဉ် (၁၈) အထိ ရောက်ရှိလာပြီဖြစ်သည်။

 

စစ်မှုထမ်းသင်တန်းမှ သင်တန်းဆင်းလာသည့် တပ်သားသစ်များကို စစ်ကော်မရှင်က စစ်ရေး ပြင်းထန်နေသည့် ရခိုင်၊ ကချင်နှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းအတွင်းရှိ ရှေ့တန်း စစ်မျက်နှာပြင်များသို့ အတင်းအကျပ် ပို့ဆောင်ထားကြောင်း သိရသည်။ ရှမ်းမြောက် အပစ်ရပ်စဲရေး မတိုင်ခင်ကလည်း နောင်ချိုရှိ တောင်ခမ်း၊ ကျောက်မဲနှင့် သီပေါ တိုက်ပွဲများတွင် စစ်မှုထမ်း တပ်သားသစ်များကို ပို့ဆောင်၍ ရှေ့တန်းတွင် စစ်မှုထမ်းခိုင်းခဲ့သည်။

စစ်ကော်မရှင်က သင်တန်းသားသစ်များကို တိုက်ခိုက်ရေးတပ်ရင်းမဟုတ်သည့် ထောက်ပို့တပ်များတွင် တာဝန်ထမ်းခိုင်းပြီး ရေရှည်စစ်မှုထမ်းရန် စည်းရုံးထားသော်လည်း လက်တွေ့တွင် စစ်ကော်မရှင်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) နှင့် စစ်အင်ဂျင်နီယာတပ်များပါ တိုက်ခိုက်ရေးတာဝန်များကို ထမ်းဆောင်နေရ ကြောင်း သိရသည်။

 

ပဲခူးတိုင်းအတွင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၆၊ ကပစ-၁၆၊ မကွေးတိုင်းအတွင်းရှိ ကပစ-၁၄ တို့တွင် တိုက်ပွဲများ နီးကပ်ပြင်း ထန်နေသည့် အတွက် ကပစ တပ်သားများပါ ရှေ့တန်း တိုက်ခိုက်ရေး တာဝန်များကို လုပ်ဆောင်နေရကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

ပုံစာ-စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၈) တက်ရောက်ရန် စုဆောင်းခြင်းခံခဲ့ရသူများ။