ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်

ဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB သည် စစ်ကော်မရှင်တပ်နှင့်ပတ်သက်နေသည့် UAB ဘဏ်နှင့် မိတ်ဖက် လုပ်ဆောင်နေသည့် အပေါ် ဂျပန် အဖွဲ့အစည်း ငါး ခုအပါအဝင် အရက်ဘက်အဖွဲ့များက စုံစမ်းမေးမြန်းသော်လည်း တုန့်ပြန်ဖြေကြားခြင်းမရှိသည့်အတွက် ဝေဖန်အပြစ်တင်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြောင်း Justice For Myanmar (JFM) ထံမှ သိရသည်။

မြန်မာနှင့် ဂျပန်အဖွဲ့အစည်းများသည် အဆိုပါ စုံစမ်းမေးမြန်းမှု ပေးစာကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ပူးတွဲပေးပို့ခဲ့ပြီး ယင်းပေးစာတွင် JCB ဘဏ်သည် UAB ဘဏ်နှင့် စီးပွားရေးဆက်နွယ်မှုများ လုပ်ဆောင်နေမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အထူးစိုးရိမ်မှုများအဖြစ် ထောက်ပြခဲ့ကြသော်လည်း ယနေ့အချိန်အထိ JCB သည် နှုတ်ဆိတ်နေဆဲ ဖြစ်၍ JCB Co. Ltd. အား ပြစ်တင်ဝေဖန်ကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စား လှယ်က United Amara Bank ဟုသိကြသည့် UAB ဘဏ်သည် မြန်မာစစ်တပ်ထံ လေယာဉ်ဆီ ထောက်ပံ့ရောင်းချနေသော ကုမ္ပဏီများအတွက် ငွေပေးချေပေးသော အဖွဲ့အစည်းတစ်ခုအဖြစ် ၂၀၂၄ ခုနှစ် ဇွန်လတွင် ဖော်ပြမှတ်တမ်းတင်ခဲ့သည်။

“စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများဖြင့် အကြမ်းဖက်ခြိမ်းခြောက်နိုင်စွမ်းသည် ၎င်းတို့၏ ဂျက်လေယာဉ်များနှင့် ရဟတ်ယာဥ်များ ပျံသန်းနိုင်ရန်အတွက် လိုအပ်သော လေယာဉ်ဆီ ဝယ်ယူရရှိနိုင်မှုအပေါ်တွင် တိုက်ရိုက်မှီခိုနေကြောင်း” မှတ်ချက်ပြုရေးသားခဲ့သည်။

ထို့အပြင် စစ်အုပ်စုသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အတုအယောင်ရွေးကောက်ပွဲတစ်ရပ်အား ကျင်းပရန် ပြင်ဆင်နေခြင်းကြောင့် အရပ်သားပြည်သူများကို အစုလိုက် အပြုံလိုက် သေကြေစေသည့် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာပြီး လူနေကျေးရွာများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများအား ဖျက်ဆီးခဲ့သည်။

ထို့ကြောင့် UAB နှင့် ဆက်ဆံရေးများကို ရပ်တန့်ရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဘဏ္ဍာရေးအဖွဲ့အစည်းများကို အထူးတိုက်တွန်းခဲ့သည်။

UAB ဘဏ်သည် IGE( International Group of Entrepreneurs) ကုမ္ပဏီများအုပ်စု နှင့် ထဲထဲဝင်ဝင် ပတ်သက်ဆက်နွယ်နေသည့် ဘဏ်ဖြစ်ပြီး IGE ကို မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပတ်သက်မှုအပါအဝင် ရခိုင်ပြည်နယ် ‘၂၀၁၇ နယ်မြေရှင်းလင်းစစ်ဆင်ရေးများ’ တွင် ဘဏ္ဍာငွေပံ့ပိုး မှုများ အတွက် ၂၀၂၂ ခုနှစ်တွင် အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

အီးယူနှင့် ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့ထားသည့် IGE တည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ နေအောင်သည် IGE အား အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ပြီး လေးရက်အကြာတွင် UAB ဒါရိုက်တာဘုတ်အဖွဲ့မှ နှုတ် ထွက်ခဲ့သည်။ မြန်မာကုမ္ပဏီမှတ်ပုံတင်ဌာန၏ အချက်အလက်များအရ နေအောင်နှင့် ဇနီးတို့သည် အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုအပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း UAB မှ ၎င်းတို့၏ ရှယ်ယာများအား ဟန်ပြကုမ္ပဏီနှစ်ခုထံ လွှဲပြောင်းခဲ့သည်။

IGE Group ၏ စီအီးအိုဖြစ်သူ သန်းဝင်းဆွေသည် UAB တွင် ဒါရိုက်တာတစ်ဦးအဖြစ်လည်းကောင်း၊ UAB၏ နောက်ထပ် ဒါရိုက်တာတစ်ဦးဖြစ်သူ သန့်ဇင်သည် IGE Group ၏ ကုမ္ပဏီခွဲ Future Creator Group Construction ၏ ဘုတ်အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်နေခဲ့ခြင်းအားဖြင့် UAB သည် ၂၀၂၂ ခုနှစ်အထိ IGE Group နှင့် ဆက်လက်ပတ်သက်ဆက်နွှယ်နေကြောင်း JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် UAB နှင့် ပတ်သက်နေသည့် JCB ကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုများ လုပ်ဆောင်ထားခဲ့ခြင်းရှိ/မရှိ၊ UAB နှင့် မိတ်ဖက်ဆောင်ရွက်နေမှုကို JCB အနေဖြင့် ရပ်တန့်ရန် ရှိ/မရှိ တို့ကို အရပ်ဘက်အဖွဲ့အစည်းများက စာရေးမေးမြန်းခဲ့သော်လည်း JCB အနေဖြင့် ပြန်လည် ဖြေကြားခြင်းမရှိကြောင်း သိရသည်။

“မိမိတို့ရဲ့ စီးပွားမိတ်ဖက်တွေက မြန်မာနိုင်ငံတွင်း အကြီးအကျယ်ဒုက္ခဖြစ်နေစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးကူညီဖွယ်ရှိနေချိန်မျိုးမှာ ဂျပန်ကုမ္ပဏီတွေအနေနဲ့ မျက်ကွယ်ပြု မသိကျိုးကျွံ မပြုသင့်ပါဘူး။ UAB နဲ့ မိတ်ဖက်ဆောင်ရွက်မှုအပေါ် မေးခွန်းတွေကို လျစ်လျူရှုခဲ့တဲ့ JCB က သူတို့ရဲ့အကြွေးဝယ်ကဒ်ဟာ ဂျပန်နိုင်ငံရဲ့ တစ်ခုတည်းသော နိုင်ငံတကာအသိအမှတ်ပြု အကြွေးဝယ်ကဒ် အမျိုးအစားဖြစ်ကြောင်း အများပြည်သူထံ ဆိုထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့စီးပွားရေး လုပ်နည်းလုပ်ဟန်တွေကတော့ ကော်ပိုရိတ်ပွင့်လင်းမြင်သာမှုနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှုတို့လို အခြေခံအကျဆုံး နိုင်ငံတကာစံနှုန်းတွေမှာတောင် လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်နေပါတယ်။ မိမိတို့အရပ်ဘက်အဖွဲ့တွေရဲ့ စုံစမ်းမေးမြန်းမှုအပေါ် အမြန်ဆုံး တုန့်ပြန်ဖြေကြားဖို့ JCB ကို တိုက်တွန်းပါတယ်” ဟု Mekong Watch ၏ အမှုဆောင်ဒါရိုက်တာ ယုကကီဂူချီက ပြောကြားခဲ့သည်။