ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်၊ ဆည်တော်ကြီးနှင့် စကျင်တောင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်က ထိန်းချုပ်ပြီးနောက် သပိတ်ကျင်းမြို့နယ်အတွင်းကို ဝင်ရောက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့က မတ္တရာရှိ တော်လှန်ရေးတပ်များ တပ်စွဲရာ စစ်ရေးအရအရေးပါသည့် နယ်မြေများကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်ပြီးနောက် သပိတ်ကျင်းမြို့နယ်အတွင်းသို့ တင့်ကားနှင့် သံချပ်ကာယာဉ်များပါ အသုံးပြုပြီး ဝင်ရောက်ရန် ကြိုးပမ်းလာကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“မတ္တရာကိုသိမ်းပြီးနောက်မှာ မန္တလေးမြောက်ခြမ်း စစ်ရေးအနေအထာတွေ ပြောင်းလဲလာတယ်။ သပိတ်ကျင်းနယ်အတွင်းကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နိုင်ရေး ပြင်ဆင်လာနေပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မတ္တရာမြို့နယ် မြောက်ဖျားရှိ တံငါးမြောက်ရွာအထိ ထိန်းချုပ်လာသည့် စစ်ကော်မရှင်က ၆၀ မမ တာဝေးပစ်စိန်ပြောင်းများကို အလွန်အကျွံသုံးစွဲ၍ သပိတ်ကျင်းနယ်အတွင်းထိ ဝင်ရောက်ရန်ပြင်ဆင်လာခြင်းဖြစ်သည်။

စစ်ကော်မရှင်၏ စစ်ရေးပြင်ဆင်နေမှုများအရ သပိတ်ကျင်းနှင့် စဉ့်ကူးကို အဓိကစစ်မျက်နှာအဖြစ် ထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကော်မရှင်၏ ခလရ ၈၅ စစ်ကြောင်းနှစ်ကြောင်းလုံး ဆည်တော်ကြီးထိ ရောက်ရှိလာပြီး လေကြောင်းရန်ကာကွယ်ရေးတပ်များနှင့် စကျင်တောင်အထိ ထိန်းချုပ်သွားနိုင်ခြင်းဖြစ်သည်။

မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့ နယ်များတွင် စစ်ရေးပိုမိုပြင်းထန်လာသောကြောင့် ဒေသခံ ပြည်သူလူထုများအနေဖြင့် စစ်ရေးအသိရှိကြရန် ပြည်သူ့ကာကွာယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နေ့တွင် ထုတ်
ပြန်ထားသည်။

စစ်ကော်မရှင်ကလုပ်မည့် ရွေးကောက်ပွဲတွင် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များပါ ရွေးကောက်ပွဲပြုလုပ်ရန် ပါဝင်နေသည့်အတွက် စစ်ကော်မရှင်က အဆိုပါနယ် မြေများကို ထိန်းချုပ်စိုးမိုးနိုင်ရန် အပြင်း အထန် ထိုး စစ်ဆင်တိုက်ခိုက်လာကြောင်း MDY-PDF ကထုတ်ပြန်ထားသည်။