နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်

NLD အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)တို့ကြောင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ပျက်ဆီးခဲ့ရ၍ အာဏာသိမ်းကာ ၎င်းတို့အနေဖြင့် ပြန်လည်တည်ဆောက်ပေးနေကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုသည်။

ယင်းစနစ်ကို ပြည်သူလူထု လိုလားတောင့်တနေသဖြင့် စစ်တပ်အကျိုးစီးပွားအတွက် တစ်ဖက်သတ် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲ ပြုလုပ်၍ အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း ၎င်းက ဝါဒဖြန့် မီဒီယာမှတဆင့် ယနေ့ထုတ်ပြန် ပြောဆိုသည်။

“သူတို့ကသာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းမှုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တာ ဖြစ်တယ်။ ဒီလိုဖျက်ဆီးခံရတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို နည်းစနစ်ကျစွာ ပြန်လည်တည်ဆောက်ပေးနေခြင်း ဖြစ်ပါတယ်” ဟု စစ်ကော်မရှင် ပြောခွင့်ရက ထည့်သွင်းပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲအတည်ပြုပြီးနောက် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်မှ ယနေ့အထိ ရွေးကောက်ပွဲများ ပြုလုပ်မှုမှာ ခြောက်ကြိမ်ရှိပြီး ယင်းတို့အနက် သုံးကြိမ်သည် ကြားဖြတ်ရွေးကောက်ပွဲများဖြစ်ကာ ၂၀၂၁ ခုနှစ်တွင်မူ စစ်တပ်က အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

NLD အစိုးရ အနိုင်ရရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲကို မဲမသမာမှု ရှိသည်ဟုဆိုကာ အတင်းအဓမ္မ အာဏာသိမ်းယူခဲ့သော စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာမှစ၍ လူထုလက်မခံသည့် ရွေးကောက်ပွဲများအား အပိုင်းလိုက်ခွဲ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

“ဒါတွေဘာကြောင့် ပြန်ပြောနေရသလဲဆိုတော့ ဘယ်သူတွေက ဥပဒေနဲ့အညီ တရားနည်းလမ်းတကျ တောင်းဆိုခဲ့တယ်၊ ဘယ်သူတွေက ဥပဒေကို လျစ်လျူရှု မျက်ကွယ်ပြုခဲ့သလဲဆိုတာကို သမိုင်းကျေစေချင်လို့” ဟု စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

စစ်ကော်မရှင်က ယခင် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းခန့်အနက် မဲမသမာမှု ၁၀.၄ သန်းခန့် ဖြစ်ပွားခဲ့ဟု မကြာခဏ ပြောဆိုနေသော်လည်း လက်တွေ့၌မူ ထိုကိစ္စကို စစ်တပ်နှင့် လက်အောက်ခံ ကြံ့ခိုင်ရေးပါတီတို့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာများအရ သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်က ၎င်းတို့၏ ရွေးကောက်ပွဲကို လာမည့်ဒီဇင်ဘာ ၂၈ ရက်၌ အပိုင်းတစ်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် အပိုင်းနှစ်နှင့် နှစ်ပတ်အကြာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ နောက်ဆုံးအပတ်တွင် အပိုင်းသုံး ပြုလုပ်သွားမည်ဟု သိရသည်။

#NLDအစိုးရ #UEC # ပါတီစုံဒီမိုကရေစီ #စစ်ကော်မရှင်