နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်

အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲကို နှောင့်ယှက်သည်ဟုဆိုကာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ သထုံ (ခ) ဒူးသထူခရိုင် ဥက္ကဋ္ဌ၊ သတင်းဌာနတစ်ခု နှင့် PDF တပ်ဖွဲ့အပါအဝင် လူပုဂ္ဂိုလ်များကို ရွေးကောက်ပွဲ ဥပဒေဖြင့် ထပ်မံအမှုဖွင့်လိုက်ကြောင်း သိရသည်။

KNU က မကြာမီ ပြုလုပ်မည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို တိုက်ဖျက်သွားရန် ကြေညာသဖြင့် စစ်ကော်မရှင်က KNU တပ်မဟာ (၁) သထုံခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်အား ပဒိုစောမြင့်ဟု နာမည်မှား ဖော်ပြ၍ ၎င်းအပါအဝင် ၂၂ ဦးကို ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၂၃(ခ) ဖြင့် အမှုဖွင့်ထားကြောင်း ထုတ်ပြန်ပြောဆိုသည်။

ယင်းတို့ကို သထုံမြို့နယ်၊ သိမ်ဆိပ်နယ်မြေရဲစခန်း၌လည်းကောင်း၊ AAMIJ News သတင်းဌာန တာဝန်ရှိသူများအား အလုံမြို့မရဲစခန်း(ပ)၌လည်းကောင်း၊ ရန်ကုန်တိုင်း သုံးခွ၊ မရမ်းကုန်းမြို့နှင့် မွန်ပြည်နယ် ချောင်းဆုံမြို့နေ ပြည်သူတို့ကိုလည်းကောင်းအသီးသီးအမှုဖွင့်ထားကြောင်း သိရသည်။

ထို့အပြင် မကွေးတိုင်း၊ စလင်းမြို့နယ်၊ ပေါင်းနားရပ်ကွက်နေ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်တစ်ဦးကိုလည်း PDF များက ဖမ်းဆီးသွားသည်ဟုဆိုကာ ဆင်ဖြူကျွန်းနယ်မြေရဲစခန်း၌ အဆိုပါ PDF တပ်ဖွဲ့အား ရွေးကောက်ပွဲ ဥ‌ပဒေဖြင့် အမှုဖွင့်ထားကြောင်း စစ်ကော်မရှင်ထံက သိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလကလည်း KNU ဥက္ကဋ္ဌအပါအဝင် ၁၃ ဦး၊ CNF အပါအဝင် ချင်းပြည် Chinland အစိုးရအဖွဲ့ဝင် ၁၇ ဦး၊ AA တပ်ဖွဲ့နှင့် တော်လှန်ရေး အင်အားစုများအပြင် ပြည်သူများအား ရွေးကောက်ပွဲ ဥ‌ပဒေများဖြင့် အမှုဖွင့်ထားသည်။

စစ်ကာ်မရှင်သည် ယခုလာမည့် ဒီဇင်ဘာတွင် ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲကို ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများက လက်မခံသဖြင့် ကာကွယ်သွားရန် ရွေးကောက်ပွဲ ဥပဒေကို ဇူလိုင် ၂၉ ရက်၌ ပြဌာန်းထားခြင်းဖြစ်ပြီး အနုပညာရှင်များပါ ဖမ်းဆီးအမှုဖွင့်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- KNU