ဧရာဝတီတိုင်းမ်
(ဖြူး)၊ နိုဝင်ဘာ ၁၁ ရက်
စစ်ကော်မရှင်စစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့က ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်းရှိ ကျောင်းကုန်းကျေးရွာသို့ ဝင်ရောက်လာပြီး ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးကာ ဒေသခံအမျိုးသားတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၀၊ ခမရ-၅၉၉တပ်ရင်း နှင့် အုတ်ဖြတ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် အင်အား ၂၀၀ ဝန်းကျင်ပါစစ်ကြောင်းမှာ ကျောင်းကုန်း ရွာအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အဲ့ဒီရွာက ဟိုတလောက ဂျိုင်ရိုကော်ပတာနဲ့ ဗုံးလာချတဲ့ဧရိယာနားမှာ။ သူတို့(စစ်တပ်)က အဲ့ဒီကျောင်းကုန်းမှာပဲရှိနေတုန်းပဲ” ဟု ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါစစ်ကြောင်းမှာ ကျောင်းကုန်းရွာအတွင်းရှိ ဘုန်းကြီးကျောင်းမှ ထွက်မပြေးနိုင်ပဲ ကျန်နေခဲ့သည့် အသက် ၅၀ ဝန်းကျင်အရွယ် ကပ္ပိယတစ်ဦးကို ပစ်သတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကော်မရှင်စစ်ကြောင်းသည် နေအိမ် ၄ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံများ၏ ဆိုင်ကယ် ၁၇ စီး၊ မီးစက်ကြီး သုံး လုံး၊ ပရိဘောဂ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ ငွေကြေး၊ အမျိုးသမီးထမီများပါမကျန် ခိုးယူသွားကြောင်းဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်က ဖြူးမြို့နယ် မန်ကျည်းကုန်းကျေးရွာသို့ ဂျိုင်ရိုကော်ပတာ နှစ်စီးဖြင့် အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးအပြန်တွင် တစ်စီးပျက်ကျသည့်အတွက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်းလည်း ပဲခူးတိုင်းစစ်ဌာနထံမှ သိရသည်။
ဓာတ်ပုံ – ပေးပို့