နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်
စစ်ကော်မရှင်က အာဏာသိမ်းပြီးနောက် စီစဉ်လျက်ရှိသော ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲ အား နိုင်ငံတကာနှင့် ပြည်သူလူထုတို့မှ လက်မခံ ကန့်ကွက်ဆန့်ကျင်နေသော်လည်း ရွေးကောက်ပွဲ အပိုင်း(၃) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီနောက်ဆုံးပတ်တွင် ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာသည်။
စစ်ကော်မရှင်၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝါဒဖြန့်မီဒီယာမှတစ်ဆင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကို ယခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း(၁)၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် အပိုင်း(၂) နှင့် နှစ်ပတ်အကြာ ဇန်နဝါရီ နောက်ဆုံးပတ်တွင် အပိုင်း(၃) တို့ကို ပြုလုပ်သွားမည်ဟု ပြောဆို ထားသည်။
“ရွေးကောက်ပွဲ အပိုင်းသုံးကို ရွေးကောက်ပွဲ အပိုင်းနှစ်ရဲ့ နှစ်ပတ်ခြားအကြာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တချို့မလိုလားသူတွေက ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် အမျိုးမျိုးပြောဆို၊ သွေးထိုးလှုံ့ဆော်ပေးနေတာကိုလည်း တွေ့ရှိနေရ ပါတယ်” ဟု ၎င်းက စည်းရုံးပြောဆိုသည်။
သို့သော် ယင်းရွေးကောက်ပွဲ အပိုင်း(၃)အတွက် ရက်အတိအကျနှင့် ပြုလုပ်သွားမည့် မြို့နယ်များကိုမူ ထုတ်ဖော်ပြောခြင်းမရှိသေးပေ။ စစ်ကော်မရှင်၏ ထုတ်ပြန်ချက်များအရ အပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့၌လည်းကောင်း၊ အပိုင်း(၂)ကို မြို့နယ် ၁၀၀ မြို့တွင်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁) ပြုလုပ်ရန် စီစဉ်နေသော မြို့နယ် ၁၀၂ မြို့နှင့် အပိုင်း(၂)အတွက် မြို့နယ် ၁၀၀ မြို့တို့တွင်လည်း နယ်မြေအများစု တည်ငြိမ်မှု မရှိသေးသလို မြို့ပေါ်လောက်တွင်သာ ၎င်းတို့၏ ထိန်းချုပ်မှုရှိနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
လက်ရှိတွင် ယင်းရွေးကောက်ပွဲအား ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီ ၅၇ ပါတီရှိပြီး မဲဆွယ်စည်းရုံး ရေးများ ဆင်းနေကြသလို တစ်ဖက်တွင်လည်း စစ်ကော်မရှင်က လက်မခံကန့်ကွက်သော EROs၊ တော်လှန်ရေး အင်အားစု၊ အနုပညာရှင်များနှင့် ပြည်သူများကို ဖမ်းဆီးအမှုဖွင့်လျက်ရှိသည်။
ဓာတ်ပုံ-MOI