ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်

 

စစ်အုပ်စုက ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဝေဖန်သူ ပြည်သူများအပါအဝင် အနုပညာရှင်များကိုဖမ်းဆီးပြပြီးနောက် ရွေးကောက်ပွဲ မဲဆွယ်ရေးအတွက် ရုပ်သံရိုက်ကူးရာတွင် အဆိုတော်များဖြင့် မဲဆွယ်ခိုင်းခဲ့ကြောင်း စစ်ကော်မရှင်၏ ဝါဒဖြန့် ရုပ်သံများမှ တစ်ဆင့်သိရသည်။

 

အနုပညာရှင် အဆိုတော်များသည် နိုဝင်ဘာ ၆ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့ရှိ မြန်မာအသံနှင့် ရုပ်မြင်သံကြား (MRTV) တွင် ရွေးကောက်ပွဲအသိပညာရေး နှိုးဆောင်ဆိုင်းပုတ်များ ကိုင်ဆောင်ပြီး ပါဝင်ကြကြောင်း စစ်ကော်မရှင်ထံမှ သိရသည်။

စပ်တပ်၏ရွေးကောက်ပွဲဆိုင်ရာပြည်သူများအသိပညာရေးနှိုးဆော်မှုရိုက်ကူးရေးတွင် အဆိုတော် အောင်လ၊ ဝေလ၊ ဖိုးကာ၊ ရဲရင့်အောင်၊ အောင်ထက်၊ ဖြိုးမြတ်အောင်၊ ဟန်နေတာ၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ချမ်းမြေ့မောင်ချို၊ မေလသံစဉ်၊ အိမ့်ချစ်၊ အေးမြဖြူနှင့် လိမ္မော်သီးပါဝင်ပြီး ကျန်ရှိနေသည့် ဂီတအနုပညာရှင်များ ဆက်လက်ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် မကြာသေးမီကလည်း သရုပ်ဆောင် နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ ခြူးလေးနှင့် မေမြင့်မိုရ် တို့အပါအဝင် အနုပညာရှင်များ ပါဝင်သရုပ်ဆောင်ထားသည့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” အမည်ရှိ ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်လမ်းကို ပြသခဲ့ရာ အဆိုပါ သရုပ်ဆောင်များကို ပြည်သူများက ဝိုင်းဝန်းဆန့်ကျင် သပိတ်မှောက်ခဲ့ကြသည်။

ထို့အပြင် စစ်ကော်မရှင် လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့က အနုပညာရှင်များကို ခေါ်ယူ၍ ရွေးကောက်ပွဲနှင့် ပတ်သက်သော ကမ်ပိန်းစာသားကို တစ်ဦးချင်း ရွတ်ဆိုရမည့် ဗီဒီယိုရိုက်ကူးရန် ညွှန်ကြားခဲ့ပြီး ငြင်းဆန်ပါက အထက်အမိန့်အရ အရေးယူမည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် ၎င်းတို့ပြဋ္ဌာန်းထားသည့် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ဖြင့် ဒါရိုက်တာ သုံးဦးနှင့် သရုပ်ဆောင် နှစ်ဦးအပါအဝင် ပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးထားသည်။

 

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်တွင် စစ်အာဏာရှင်စနစ်ကို ဆန္ဒပြကန့်ကွက်ရာ၌ ယခု ရွေးကောက်ပွဲတွင် မဲဆွယ်စေခိုင်းခြင်း ခံရသည့် အဆိုတော်များနှင့်အနုပညာရှင်အချို့ ပါဝင်ခဲ့ဖူးသည်။ သို့သော် လက်ရှိတွင်မူ ၎င်းတို့သည် စစ်ကော်မရှင်အကြိုက်လိုက်ကာ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ပါဝင်မဲဆွယ်ပေးလျက်ရှိသည်။

ဓာတ်ပုံ – MRTV