ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်
လေကြောင်းတိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံဟာ ဖရိုဖရဲ ဖြစ်နေစဉ် လာမယ့်လမှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်စရာလမ်းမရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗော်ကာတပ်ခ်က ပြောပါတယ်။
“မြန်မာ့အရေးဟာ ကံမကောင်းစွာနဲ့ပဲ မီဒီယာတွေရဲ့ အလေးထားဖော်ပြမှုကို မရရှိသလို မြန်မာ ပြည်သူတွေဟာ ဒုက္ခ ရောက်နေပါတယ်” လို့ ဂျီနီဗာမြို့တော်မှာပြုလုပ်တဲ့ အင်တာဗျူးမှာ ကုလသမဂ္ဂ လူ့ အခွင့်အရေး မဟာမင်းကြီး ဗော်ကာတပ်ခ်က ဆိုပါတယ်။
ဆန့်ကျင်သူတွေ ဖမ်းဆီးခံရပြီး သတင်းထောက်တွေ သတ်ဖြတ်ခံရကာ အရပ်သားတွေ လေကြောင်းတိုက်ခိုက်ခံနေရပြီး ပြည်တွင်းစစ် အထူးသဖြင့် ရခိုင်ပြည်နယ်မှာ စစ်ဖြစ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲကျင်းပတာဟာ ဉာဏ်မမီတော့ပါဘူး။ တိုင်းပြည်ရဲ့ နယ်မြေ တွေကို ဘယ်သူမှ အသာစီးနဲ့ မထိန်းချုပ်နိုင်ဘဲ စစ်တပ်က ပဋိပက္ခမှာ ပါဝင်နေပြီး ကိုယ့်ပြည်သူကို နှစ်ချီ ဖိနှိပ်နေတာကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ဘယ်သူက ပြောနိုင်မှာလဲ” လို့ သူက မေးခွန်းထုတ်ပါတယ်။
ဒီမိုကရေစီပြယုဂ် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချပြီး အကျဉ်းချကာ NLD ပါတီကို ဖျက်သိမ်း လိုက်တာကြောင့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။NLD ပါတီ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဟု ဆိုကာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းစစ် အရှိန်မြှင့်လာခဲ့ကာ စစ်ကော်မရှင်ဟာ နယ်မြေများစွာ ကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထံ လက် လွှတ်ခဲ့ရပါတယ်။
ထိန်းချုပ်နယ်မြေတွေမှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ကျင်းပခွင့်ပိတ်ပင်မယ်လို့ တော်လှန် ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ကိုးကား – Daily Mail
Ref; Holding Myanmar elections next month ‘unfathomable’: UN rights chief