နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲမတိုင်မီ ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရန် နိုင်ငံတစ်ဝန်း စစ်ရေးအရှိန်မြှင့်၍ ဝေဟင်အားပြု ဗုံးကြဲတိုက်ခိုက်နေ ပြီး တစ်ဖက်တွင်လည်း ပြည်တွင်းရှိ တရုတ်စီမံကိန်းများ အမြန်ဖော်ဆောင်ရန် ၎င်းကိုယ်တိုင် ဦးဆောင်၍ ကော်မတီတစ်ခု ဖွဲ့စည်းထားကြောင်း သိရသည်။
ယင်းကော်မတီကို တရုတ်သမ္မတ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI) အစီအမံ အစိတ်အပိုင်းဖြစ်သော မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများ နှင့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုဇုန်တို့အတွက် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ မြန်မာနိုင်ငံပြန်တမ်းအရ သိရသည်။
စစ်ခေါင်းဆောင် ယာယီသမ္မတ ရာထူးတာဝန်ယူထားသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ရုံးအမိန့်ဖြင့် ပြီးခဲ့သည့်လပိုင်း၌ ဖွဲ့စည်းထားသည့် BRI အစီအမံ အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီတွင် အဖွဲ့ဝင် ၃၁ ဦး ပါဝင်ပြီး စစ်ခေါင်းဆောင်က ဥက္ကဋ္ဌ ဖြစ်သည်။
ထို့အပြင် စစ်ကော်မရှင် ခန့်အပ်ထားသော ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်က ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ဖြစ်ကြပြီး စီမံကိန်းများ ဖြတ်သန်းသွားလာမည့် သက်ဆိုင်ရာ တိုင်း၊ ပြည်နယ် ဝန်ကြီးချုပ်များအပါအဝင် ပြည်ထောင်စုဝန်ကြီးများမှာ အဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။
တရုတ်သမ္မတသည် ၂၀၁၃ ခုနှစ်၌ ကြေညာခဲ့သည့် ၎င်း၏အိမ်မက် BRI အား အကောင်အထည်ဖော်ရာတွင် CMEC စီမံကိန်းများသည် တစ်စိတ်တစ်ပိုင်းအဖြစ် အရေးပါနေသဖြင့် စစ်ကော်မရှင်ကို ထောက်ခံအားပေးကာ စစ်ရေး၊ စီးပွားရေး၊ နည်းပညာ စသည်တို့အား ကူညီပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ CMEC စီမံကိန်းများသည် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရရန် အတွက် တရုတ်အစိုးရက ရည်ရွယ်ကြိုးပမ်းနေခြင်းဖြစ်ပြီး၊ လက်ရှိတွင် ခုခံတော်လှန်မှုများကြောင့် စီမံကိန်းများ ဖော်ဆောင်မည့် ရခိုင်၊ ကချင်၊ ရှမ်း၊ မန္တလေး စသည့်နယ်မြေများ၌ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။
စစ်ခေါင်းဆောင်ကမူ ထိုစီမံကိန်းများ အမြန်ဆုံးဖော်ဆောင်သွားရေးနှင့် ပတ်သက်၍ တရုတ်သမ္မတ အပါအဝင် ထိပ်သီးခေါင်းဆောင်ပိုင်းများကို တွေ့ဆုံစဉ်တိုင်း ကတိကဝတ်များ ပေးအပ် ပြီး စီးပွားရေး လုပ်ငန်းရှင်များ ဖိတ်ခေါ်နေသလို တရုတ်အစိုးရထံမှလည်း အကူအညီ တောင်းခံလျက်ရှိကြောင်း သိရသည်။
ရထားလမ်း၊ ကားလမ်း၊ အထူးစီးပွားရေးဇုန်၊ ဆိပ်ကမ်းများနှင့် မြို့သစ်စီမံကိန်းများ ပါဝင်သည့် CMEC စီမံကိန်းများကို စစ်ကော်မရှင်အနေဖြင့် ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲအလွန် အစိုးရသစ်ကာလ၌ ပုံဖော်နိုင်အောင် ပြင်ဆင်နေခြင်းမျိုး ဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်များက သုံးသပ်ထောက်ပြသည်။
အလားတူ တရုတ်အစိုးရကလည်း မြန်မာ့အရေးကို တစ်ဖက်သတ် ပါဝင်နေပြီး စစ်ကော်မရှင်အား ခုခံတော်လှန်နေသည့် တော်လှန်ရေး အင်အားစုများကို ဖိအားပေး ပိတ်ဆို့လျက်ရှိသလို စစ်ခေါင်းဆောင်နှင့် မကြာသေးမီက BRI အောက် စီမံကိန်းအပါအဝင် ခုနစ်ခုအား ထပ်မံ လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – MOI