ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးစစ်ကြောင်းများအဖြစ် ပါဝင်ကာ စစ်ဆင်ရေးများကို ပူးပေါင်းဆောင်ရွက်နေသည့် ပကဖစစ်ကြောင်းများကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။
စစ်ဆင်ရေးများကို ပူးပေါင်းဆောင်ရွက်နေသည့် ရန်ကုန်တိုင်း ပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ မွန်ပြည်နယ် ပကဖတိုက်ခိုက်ရေးစစ်ကြောင်း နှင့် ပဲခူးခရိုင် ပကဖတိုက်ခိုက်ရေးစစ်ကြောင်းများ ကို ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့တွင် ပဲခူးတိုင်း ရှေ့တန်းစခန်းတစ်နေရာ၌ လက်နက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“တိုင်းစစ်ဌာနကွပ်ကဲမှူအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို သေချာစုဖွဲ့မှု လုပ်ပါတယ်။ ပြီးရင် PDF နည်းတူ လေ့ကျင့်ရေးတွေလုပ်တယ်၊ ပြီးရင် လက်နက်ခဲယမ်းတပ်ဆင်ပြီး PDF နဲ့အတူ ရှေ့တန်းစစ်ဆင်ရေးတွေမှာ ပါဝင်နိုင်အောင် အင်အားစုစည်းတာပါ” ဟု အထူးတိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ အခမ်းအနားကို အထူးတိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား၊ ဒု-ကွပ်ကဲရေးမှူး ရဲဘော်အေးမင်းထွန်း တို့ တက်ရောက်ခဲ့ပြီး တိုင်းစစ်ဌာနအရာရှိများ၊ နည်းဗျူဟာမှူးများမှ PDF၊ ပကဖ ပူးပေါင်းစစ်ဆင်ရေးကိစ္စများ၊ သတင်းထောက်လှမ်းရေး၊ ထောက်ပို့ကိစ္စများ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ရှေ့ဆက်ဆောင်ရွက်မဲ့ စစ်ဆင်ရေးတိုင်းမှာ ပကဖ တွေဟာ PDF နဲ့အတူ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်မှာ စည်းစည်းလုံးလုံးနဲ့ပါဝင်ပြီး ကိုယ့်တပ်အင်အား ခိုင်မာတောင့်တင်းကာ စစ်ကောင်စီရဲ့ ထိုးစစ်တွေကို ချေမှုန်းဖို့နဲ့ စစ်ရေးအရှိန်မြှင့် ဆောင်ရွက်ကြဖို့ပါ”ဟု ရဲဘော်အောင်စံရှားက ဆက်လက်ပြောကြားသည်။
အထူးတိုင်းစစ်ဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ တိုင်းစစ်ဌာနကွပ်ကဲမှူအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ လက်ရုံး တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၊ ဒေသအခြေပြုကာကွယ်ရေးအဖွဲ့ (LDFs) များနှင့်အတူ စစ်ဆင်ရေးများ အရှိန်မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း လည်း ထုတ်ပြန် ထားသည်။
ဓာတ်ပုံ-အထူးတိုင်းစစ်ဌာန